မတ္တရာမြို့အနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်၏ ဓာတုဗုံးများကြောင့် မူးဝေအော့အန်ဟုဆို

by

in

မတ္တရာမြို့အနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်၏ ဓာတုဗုံးများကြောင့် မူးဝေအော့အန်ဟုဆို
ဟန်ထူးဇော်

မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနီး တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့်နေရာများကို စစ်ကောင်စီတပ်မှ မြေပြင်စစ်ကြောင်းနှင့် လေကြောင်းပစ်ကူများဖြင့်ပါ အပြင်းအထန်တိုက်ခိုက်နေပြီး အဆိပ်‌ငွေ့ဓာတုဗုံးများကြောင့် မူးဝေအော့အန်မှုများဖြစ်ပေါ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။
ယမန်နေ့( နိုဝင်ဘာလ ၂၂ရက် )တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အသုံးပြုတိုက်ခိုက်ခဲ့သည့် အဆိပ်ငွေ့ဓာတုဗုံးများကြောင့် တော်လှန်ရေးရဲဘော်၂၀ ဦးကျော် မူးဝေအော့အန်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“ ကျနော်တို့ဘက်က စိုးမိုးပြီးသားနယ်မြေတွေကို ပြန်မပေးရအောင် ကာထားတယ်ဗျ ၊ (စကစ)ဘက်ကလည်း စစ်‌ကြောင်း ငါးကြောင်းလောက်နဲ့ တိုးတာပေါ့၊ သူတို့က မြေပြင်စစ်ကြောင်းက မတိုးနိုင်တော့ မတ္တရာမြို့ပေါ်ကနေ လက်နက်အကြီးတွေနဲ့ပစ်တယ်၊ နောက်ပြီး ဒရုန်းနဲ့ ခဏတိုင်းလာချတယ်၊ အဲထဲမှာ အဆိပ်‌ငွေ့ဓာတုပါတာတွေကြောင့် ရဲဘော်တွေ မူးမေ့တာတွေ သတိလစ်တာတွေဖြစ်တာပေါ့၊ ရဲဘော်တွေထိခိုက်တာများလာတော့ ပြန်ဆုတ်ပေးလိုက်ရပါတယ်” ဟု စစ်ရေးသတင်းအရင်းအမြစ် တဦးမှ မဇ္ဈိမကိုပြောသည်။
မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဥဒိန်ရွာ ၊ သူဌေးကုန်းရွာ ၊ဆင်ကုန်းရွာ ၊ စိန်ပန်းကုန်းရွာ ၊ ပို၀မြောက်ရွာ၊တောပုရွာ ၊ မာယာပင်ရွာ ၊ မြစ်တိမ် စသည့်ရွာများကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားသည့်ရွာများကို စစ်ကောင်စီတပ်မှ လေယာဉ် နှစ်စီးဖြင့် ဗုံး ခြောက်ကြိမ် ကြဲခဲ့ပြီး ပြည်သူတချို့လည်း ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ပစ်ခတ်သော ဒရုန်းဗုံးသီးများနှင့် လေကြောင်းဗုံးကြဲမှုများမှ ထွက်လာသောအငွေ့များကို ရှူရှိုက်မိလျှင် မူးဝေခြင်း၊ သတိမေ့ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ယင်း အငွေ့များသည် အဖြူရောင်ပုံစံရှိပြီး အနံ့မှာ စိမ်းရွှင်ရွှင်အနံ့ရှိကြောင်း သိရသည်။
“ ခံစားရတဲ့ရဲဘော်‌တွေက မျက်လုံးတွေပြာပြီး အသက်ရှူလို့မ၀တော့ဘူး၊ ခြေတွေလက်တွေလည်း လှုပ်လို့မရတော့ဘူး၊ ပြီးတော့ အော့အန်တာတွေဖြစ်တယ်ဗျ၊ ရေသောက်ရင် ပိုဆိုးတယ်လို့လည်းပြောတယ်၊ အလွယ်ကုနည်းကတော့ ကိုကာကိုလာအချိုရေနဲ့ မျက်နှာသစ်တာတို့ ကိုကာကိုလာတိုက်တာတို့ လုပ်ပေးရင် သက်သာပြီး သတိပြန်ဝင်လာပါတယ်ဗျ”ဟု ရဲဘော်တဦးမှ ပြောသည်။
ယခင်က ယခုလို ဖြစ်စဉ်မျိုးကြုံတွေ့ခဲ့ရသော်လည်း ဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ကြောင်း ယခုအကြိမ်မှာ သိသာသည့် ထိခိုက်မှုများဖြစ်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်မှ နေရာစုံမှ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး တနေ့လျှင် ဒရုန်းအကြီးစား ၁၀ စီးနီးပါးဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များထံတွင် ရေဒီယိုလှိုင်းဖြတ်စက် (Jammer)များ မရှိသည့်အတွက် ထိခိုက်မှုများပြားနေကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဓာတုဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ပြောဆိုသော်လည်း မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပြီး ယင်း တိုက်ပွဲနှင့် ပတ်သက်၍ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကို ဆက်သွယ်မေးမြန်းနေဆဲလည်း ဖြစ်သည်။
မတ္တရာမြို့နယ် အနောက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် ကျေးရွာများကို စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် မြေပြင်ထိုးစစ်နှင့် လေကြောင်းပစ်ကူများအသုံးပြုကာ တလနီးပါးထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် ကျေးရွာများကို မီးရှို့ခြင်း၊ အရပ်သားများကို ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေပြီး ဒေသခံအရပ်သား ၁၀,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်။
စာတည်း – သန့်ဇော်(သန်လျင်)
ပုံစာ – စစ်ကောင်စီတပ်၏ ဗုံးများကြောင့် ထိခိုက်သွားသည့် ရဲဘော်များကို ဆေးကုသပေးနေသည့် မြင်ကွင်း။