ပခုက္ကူ မြစ်ခြေမှာ စစ်အုပ်စုက တော်လှန်ရေး ရဲဘော်ငါးဦးကို ဖမ်းဆီးသတ်ဖြတ်၊ ရဲဘော်တစ်ဦးနဲ့ ဒေသခံ ပြည်သူ တချို့ကို ဓားစာခံ ဖမ်းခေါ်သွား၊

ပခုက္ကူ မြစ်ခြေမှာ စစ်အုပ်စုက တော်လှန်ရေး ရဲဘော်ငါးဦးကို ဖမ်းဆီးသတ်ဖြတ်၊
ရဲဘော်တစ်ဦးနဲ့ ဒေသခံ ပြည်သူ တချို့ကို ဓားစာခံ ဖမ်းခေါ်သွား၊
ကိုထူး/MFP၊ မေ-၂၆

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့အနီး၊ ချမ်းသာကြီးကျေးရွာကို မနေ့က မနက်ပိုင်း စစ်အုပ်စု စီးနင်းဝင်မွှေ လုယက်ပြီးနောက် တော်လှန်ရေး ရဲဘော် ငါးဦးကို ဖမ်းဆီးကာ ကျေးရွာ စာသင်ကျောင်းထဲမှာ ညှဉ်းပန်း သတ်ဖြတ် ထားခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
မေ(၂၅)ရက် မနေ့က မနက်(၃)နာရီအချိန် မြစ်ခြေမြို့ အရှေ့ဘက်က လာတဲ့ စစ်အုပ်စုဟာ ချမ်းသာကြီးကျေးရွာကို စီးနင်းဝင်မွှေ လုယက်ရင်း တော်လှန်ရေး ရဲဘော် ခြောက်ဦးကို ဖမ်းဆီးကာ ငါးဦးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ပြီးနောက် ရဲဘော်တစ်ဦးနဲ့ ချမ်းသာကြီးရွာက ပြည်သူတချို့ကို ဓားစာခံ လူသားဒိုင်းကာ အဖြစ် ဖမ်းခေါ် သွားတာလို့ ဆိုပါတယ်။
ကျဆုံးရဲဘော်တွေဟာ ဒေသတွင်း စစ်အုပ်စု စစ်ကြောင်းထိုးနေလို့ ချမ်းသာကြီးရွာ စာသင်ကျောင်းထဲ ခေတ္တ လာနေချိန် စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဒေသခံ တော်လှန်ရေး ရဲဘော်က ပြောပါတယ်။
“ဟုတ်ပါတယ်။ ချမ်းသာကြီးရွာမှာတော့ စခန်း မရှိဘူးလေ၊ အဲဒါက မြစ်ခြေက ကာကွယ်ရေး ကလေးတွေပေါ့။ ပကဖပေါ့။ ရပ်ရွာ ပကဖ ပေါ့။ အဲဒီကလေးတွေက မြစ်ခြေမှာ စစ်ကြောင်းထိုးလို့ ဆိုပြီးတော့ ချမ်းသာကြီးရွာမှာ သွားပြီးတော့ ရှောင်ရင်းနဲ့ စာသင်ကျောင်းထဲမှာ အိပ်တာပေါ့။ ငါးယောက်ပေါ့။ ငါးယောက်ကတော့ အသတ် ခံလိုက်ရတယ်။ အလောင်းတွေတော့ ပြန်ရတယ်”
နောက်ထပ် ရဲဘော်တစ်ဦးကတော့ အလောင်းမရဘဲ ဖမ်းခေါ်သွားတယ်လို့ ယူဆရပြီး ဒီနေ့အထိ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။
ကျဆုံးရဲဘော် ငါးဦးဟာ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ နယ်မြေ(၁) -ဇုံ(၁)ထဲက ရဲဘော်တွေ ဖြစ်ပြီး ‌ရပ်ရွာ ပကဖ တွေ ဖြစ်တာကြောင့် မောင်းပြန်လက်နက်တွေ မရှိဘဲ လက်လုပ်သေနတ်တွေနဲ့ပဲ တိုက်ပွဲ ဝင်နေကြတာလို့ ဆိုပါတယ်။
မြစ်ခြေနယ်၊ ချမ်းသာကြီးရွာ စာသင်ကျောင်းထဲ တော်လှန်ရေး ရဲဘော်တွေကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး မေ(၂၅)ရက်၊ မနက်(၆)နာရီက ပခုက္ကူမြို့နယ်၊ ချမ်းသာကြီးကျေးရွာရှိ စာသင်ကျောင်းအနီး PDF တွေနဲ့ တိုက်ပွဲဖြစ်ကာ PDF ခြောက်လောင်း၊ လက်လုပ်သေနတ်(အရှည်) ငါးလက်နဲ့ ကျည်တချို့ ရရှိတယ်လို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
စစ်အုပ်စုဟာ ချမ်းသာကြီးကျေးရွာကို စီးနင်းပြီး တော်လှန်ရေး ရဲဘော်ငါးဦးကို သတ်ဖြတ်ကာ ရဲဘော်နဲ့ ပြည်သူတချို့ကို ဓားစာခံ ဖမ်းခေါ်သွားပြီးနောက် လက်ရှိမှာ စစ်ကြောင်းက ပျောက်နေပြီး ညောင်ဦးဘက်ကို ပြန်ကူးမယ်လို့ ယူဆရကြောင်း ဒေသခံတွေက ဆိုပါတယ်။
ပခုက္ကူမြို့ တပ်မ(၁၀၁) လက်အောက်ခံ စစ်အုပ်စုနဲ့ ပျူတွေဟာ ပခုက္ကူ၊ မြစ်ခြေနယ်ထဲကို အဖွဲ့တွေခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး အကြမ်းဖက်နေတာ ဖြစ်ပြီး ဒီနေ့ မေ(၂၆)ရက် နေ့လည်ပိုင်းအထိ မြစ်ခြေနယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေဆဲလို့ ဆိုပါတယ်။
မေ(၈)ရက်ကလည်း ပခုက္ကူမြို့နယ်နဲ့ မြိုင်နယ်အစပ်က ကန်သစ်ကျေးရွာအနီးမှာ ရှိတဲ့ PDF စခန်းတစ်ခုကို စစ်အုပ်စုက စီးနင်းကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ ပြည်သူနှစ်ဦးကို သတ်ပြီး နေအိမ်(၁၃) လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ပခုက္ကူနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ တပ်မ(၁၀၁)က စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းက ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက်ဒေသတွင်း လက်နက်ချ အဖမ်းခံရကာ ပြန်လွတ်လာသူတွေ ဖြစ်ပါတယ်။
ပခုက္ကူ၊ မြစ်ခြေနယ်၊ ချမ်းသာကြီးရွာမှာ စစ်အုပ်စုက တော်လှန်ရေး ရဲဘော် ခြောက်ဦးကို ဖမ်းဆီးပြီးနောက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သွားစဉ်။ အလောင်း ငါးလောင်းပဲ တွေ့သေးတယ်လို့ ဆိုပါတယ်/Photo – စစ်အုပ်စု
#Mandalay_Free_Press_MFP