ရေဦးမှာ သင်တန်းဆင်းပွဲလုပ်နေတဲ့ ပျူတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၃ယောက်သေ၊ ၇ယောက်ဒဏ်ရာရ
နိုဝင်ဘာ ၂၂၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ်မှာ ပျူစောထီးသင်တန်းဆင်းပွဲကျင်းပတဲ့နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၃ယောက်သေပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၇ယောက်ရှိခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
နိုဝင်ဘာ ၂၂ရက် ၊ ဒီနေ့မနက်အစောပိုင်းမှာ ရေဦးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲ သင်တန်းဆင်းပွဲ ပြုလုပ်နေတဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက Fixed Wings ဒရုန်းတွေနဲ့ ဗုံးသီး ၁၂လုံးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ဒီမနက် ၁၀ နာရီ ၁၀မိနစ်မှာ ပျူသင်တန်းဆင်းပွဲလုပ်နေတဲ့ ထွေအုပ်ရုံးထဲကို Fixed Wings Drone ၈ စင်းနဲ့ ဗုံးသီး ၁၂လုံးတိုက်ခိုက်ခဲ့ပါတယ်။ ဗုံးသီးတွေကြောင့် အဲ့နားမှာရှိတဲ့ စီးပွါးရေးဘဏ်ထဲက စခတွေရော အထက ၁ မှာရှိတဲ့ စခတွေရော ဗုံးသီးအပိုင်းအစတွေ မှန်တယ်လို့လဲ သိရပါတယ်။ ထိခိုက်သေဆုံးတဲ့အထဲ ပျူရော စခတွေရောပါပါတယ်။” လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး(ပကဖ) နဲ့အတူ ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းက လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
“အခုသင်တန်းဆင်းပွဲက မြို့ပေါ်က ပျူစောထီးအသစ်တွေအတွက် လုပ်တာလို့သိရပါတယ်။ ဒီသင်တန်းကနေ ကျနော်တို့နဲ့ တိုက်ခိုက်ဖို့အပြင် မြို့စောင့်တပ် သဘောမျိုးတွေ အသုံးပြုမယ်ထင်ပါတယ်။ ” လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ပုံစာ – ရေဦးပကဖ နဲ့ ရွှေဘိုခရိုင် အမှတ် ၁၄တပ်ရင်း တပ်ဖွဲ့ဝင်များ