ငါန်းဇွန်မြို့နယ်တွင် ဓါးပြတိုက်ခံရ

ငါန်းဇွန်မြို့နယ်တွင် ဓါးပြတိုက်ခံရ
အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၃ဝ နှင့် ရွှေထည်အချို့ ပါသွားကြောင်း ဒေသခံများက ပြောသည်။
မေလ ၂၅ ရက် ညပိုင်းက ငါန်းဇွန်မြို့နယ်၊ကုန်းလည်အုပ်စု၊ ပေါက်တောလေးကျေးရွာရှိ နေအိမ်တစ်အိမ်ကို လက်နက်ကိုင်လူတစ်စုရောက်လာကာ နေအိမ်ရှိ လူအချို့အား ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် နေအိမ်ရှိ ရွှေနားကတ် ၃ ရံ၊ ကျပ်သိန်း၃၀ နှင့် ဆိုင်ကယ် တစ်စီးအား ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
“လူ ငါးယောက်လာတာ။ ဆိုင်ကယ်နဲ့ပဲ။ သေနတ် နှစ်လက်ပါတယ်​ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ငါန်းဇွန်မြို့နယ်တွင် ဓါးပြတိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး အဆိုပါဓါးပြမှုမှာ ပျူစောထီးများလည်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က မှတ်ချက်ပြုသည်။
ပေါက်တောလေးကျေးရွာဓါးပြမှုအား အသေးစိတ်စုံစမ်းနေသည်ဟု ငါန်းဇွန်ပကဖတာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၇ ရက်ကလည်း မြို့သာ နတ်စိမ်းဂျင်ဝိုင်းအား စစ်ကောင်စီတပ်သားများက ဆိုင်ကယ် လေးစီးဖြင့် PDF အယောင်ဆောင်ကာ ဝင်ရောက်စီးနင်းခဲ့သေးသည်။
ထို့အပြင် မေလ ၂ ရက် ညကလည်း ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်ကို ပျူစောထီးအဖွဲ့က ဓါးပြဝင်တိုက်ကာ အိမ်ရှင်အား ရိုက်နှက်ပြီး ကျပ်သိန်း ၃၀ ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။