ဒေါန​တောင်မှ​တော်လှန်​ရေးတပ်များကို စစ်​ကောင်စီ နှစ်ဘက်ညှပ်တိုက်ရန် ကြံစည်​နေ ▪️ဒေါနတောင်ပေါ်၌ နေ့စဉ်တိုက်ပွဲဖြစ်နေဟု ကော်ဘရာပြော

ဒေါန​တောင်မှ​တော်လှန်​ရေးတပ်များကို စစ်​ကောင်စီ နှစ်ဘက်ညှပ်တိုက်ရန် ကြံစည်​နေ
▪️ဒေါနတောင်ပေါ်၌ နေ့စဉ်တိုက်ပွဲဖြစ်နေဟု ကော်ဘရာပြော
ဒီးဒီ/People’s Spring

အောင်ဇေယျစစ်ကြောင်းအား တားဆီးတိုက်ခိုက် နေသော ဒေါနတောင်ပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့များကို စစ်​ကောင်စီက နှစ်ဘက်ညှပ်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာလက်အောက်ခံ စစ်ကြောင်းမှူးအချို့က ပြောသည်။
အာရှလမ်းမကြီးအား အပြည့်အဝထိန်းချုပ်ရန်နှင့် မြဝတီမြို့အား ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသော အောင်ဇေယျစစ်ကြောင်းအား တားဆီးတိုက်ခိုက်နေသော တောင်ပိုင်းတိုင်းအမှတ်(၃၂)ဗျူဟာက ဦးဆောင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကော်ဘရာ ပူးပေါင်းတပ်များအား စစ်ကောင်စီက မြဝတီမြို့သို့ရောက်ရှိနေသော စစ်ကောင်စီတပ်သားများနှင့် နှစ်ဘက်ညှပ်တိုက်ခိုက်ရန် ကြံစည်နေခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။
ထို့ကြောင့် ထို့ကော်ကိုးတောင်ပတ်လမ်းကြောင်းမှတဆင့် စစ်​ကောင်စီနှင့်ပူး​ပေါင်း​နေ​သော ကရင်လက်နက်ကိုင်အဖွဲ့အချို့၏ အကူအညီဖြင့် မြဝတီမြို့သို့ စစ်သားများ ပို့ဆောင်နေသည်ဟု ကြားသိထားကြောင်း တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာလက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက People’s Springသို့ ပြောသည်။
” ပြောရင်လည်း မကောင်းဘူး။ တချို့အဖွဲ့တွေက ထို့ကော်ကိုးလမ်းကနေ ကူညီပေးပို့နေတာ။ မြဝတီကို ပို့နေတယ်။ မြဝတီကို စစ်ကူပို့နေတယ်။ တောနော်ရေတံခွန်ကို ညှပ်တိုက်မယ့် သဘောပေါ့”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။
မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆို​သော နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”ဟုအမည်​ပေး၍ အင်အားရာ၊​ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်မှ ချီတက်ခဲ့​သည်။ ၄ ရက်ဖြင့် မြဝတီ အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ရက်​ပေါင်း ၅၀ ခန့်ကြာသည့်တိုင် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိ​နေခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီက ဒေါနတောင်ပေါ်၌ ရောက်ရှိနေသော အောင်ဇေယျစစ်ကြောင်းနှင့် မြဝတီမြို့သို့ရောက်ရှိနေသော စစ်ကြောင်းတို့က တော်လှန်ရေးတပ်ဖွဲ့များအား နှစ်ဘက်ညှပ်တိုက်ခိုက်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။
” နှစ်ဘက်ညှပ်တိုက်မယ်လို့တော့ ကြားပါတယ်။ သေချာတော့ သတင်းမသိရသေးဘူး။ သူတို့ကအဲလိုလုပ်လာနိုင်တာပေါ့။ နဂိုတည်းကအဲဒါက သူတို့အစီအစဥ်ဆွဲတဲ့ထဲမှာပါပြီးသားလေ။ တစ်ဘက်တည်းတိုးမရရင် နှစ်ဘက်ညှပ်တိုးမယ်ဆိုတဲ့ ပုံစံနဲ့သွားတာပေါ့”ဟု အောင်ဇေယျစစ်ကြောင်းအား တားဆီးတိုက်ခိုက်နေသော Special Operation Group – SOG စစ်ကြောင်းမှူး စောအောင်က People’s Springသို့ ပြောသည်။
သို့​သော် People’s Spring၏ အခြား ကရင်စစ်ရေးသတင်းရင်းမြစ်ကလည်း တော်လှန်ရေးပူးပေါင်းတပ်များအား နှစ်ဘက်ညှပ်တိုက်မည်ဆိုသည့်သတင်းမှာ မဖြစ်နိုင်ဟု ​ပြောသည်။ မြဝတီမြို့၌ ရှိနေသော စစ်ကောင်စီတပ်သား အနည်းငယ်သာရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။
မြဝတီမြို့၌ မြို့စောင့်တပ် ခလရ(၂၇၅)မှ လက်ကျန်စစ်ကောင်စီတပ်သား အနည်းငယ်သာရှိနေပြီး အခြားလမ်းကြောင်းမှ ပို့ဆောင်၍ လက်ရှိ မြဝတီမြို့၌ စစ်ကောင်စီတပ်သား ၄၀၀ခန့်ရောက်ရှိနေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ သို့သော် အဆိုပါသတင်းနှင့်ပတ်သက်၍ People’s Springက အတည်မပြုနိုင်ပေ။
စစ်ကောင်စီ၏ နှစ်ဘက်ညှပ်တိုက်ခိုက်ရန်ပြင်ဆင်နေသည်ဆိုခြင်းနှင့်ပတ်သက်၍ ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းရာ”ဘာမှတော့မကြားပါဘူး”ဟု ဖြေဆိုသည်။ မြဝတီမြို့သို့ စစ်ကောင်စီတပ်သားအချို့ ရောက်ရှိနေသည်ဆိုခြင်းနှင့်ပတ်သက်ပြီး ထပ်မံမေးမြန်းရာ ” ပို့တဲ့သူရှိလို့နေမှာပေါ့”ဟု ‌‌ပြောသည်။
လက်ရှိတွင် ဒေါနတောင်ပေါ်၌ အောင်ဇေယျစစ်ကြောင်းနှင့် တိုက်ပွဲနေ့စဥ်ဖြစ်ပွားနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
အခြားသတင်းတပ်ရပ်တွင် မေလ ၂၃ရက်ကလည်း ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးရှိ စစ်ကောင်စီစစ်ကြောင်းအား အမှတ်(၃၁) ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း Multirotor Drone တပ်ဖွဲ့၊Fixed Wing Drone တပ်ဖွဲ့နှင့် Robinhood Rocketအဖွဲ့တို့ ပူးပေါင်း၍ Rocket ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများအပါအဝင် ၎င်းတို့၏ လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည်ဟု ကျားဖြူစစ်ကြောင်းက မေလ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် ဒေါနတောင်ပေါ်နှင့် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က KNLAနယ်မြေခံတပ်ရင်းများထုတ်သုံး၍ အင်အားဖြည့်မည်ဟု ဗိုလ်မှူးကျော်ဟိန်းက People’s Springသို့ ပြောထားသည်။
အောင်ဇေယျစစ်ကြောင်းအားဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်မှု တိုက်ပွဲကြာလာသည်နှင့်အမျှ ​တော်လှန်​ရေးတပ်ဖွဲ့များဘက်မှ KNLA ၊KNDO တို့နှင့်အတူ ပူးတွဲတိုက်ပွဲဝင်​နေ​​သောပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်များ အနည်းငယ်အနားရစေရန်နှင့် နယ်မြေကျွမ်းကျင်မှုရှိသော KNU၏ နယ်မြေခံတပ်ရင်းများအား အင်အားတိုးအသုံးပြုမည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။
“လူကြီးတွေက PDFကလေးတွေကို သနားနေတာပေါ့။ တိုက်ပွဲကြာလာတော့ သူတို့လည်း အနားရအောင် နယ်မြေခံတပ်တွေနဲ့ အင်အားတိုးမယ်”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။ထို့ကြောင့် လက်ရှိတွင် အောင်ဇေယျစစ်ကြောင်းအား နေရာတိုင်း၌ ပိတ်ဆို့တားဆီးထားသည်ဟု ၎င်းက ဆက်ပြောသည်။
People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က “အင်အားတိုးဖို့ KNU က လူကြီးတွေက စီစဥ်နေတာ။ တကယ်အင်အားတိုက်ရင် အောင်ဇေယျ မလွယ်ဘူး”ဟု ပြောသည်။
KNU သတင်းရင်းမြစ်တစ်ဦးကလည်း “အင်အားဖြည့်တာ ထက် rotate (အလှည့်ကျ)လုပ်တာပေါ့။ချိန်းတာတော့ မဟုတ်ဘူး အမြဲ အတည်တပ်တော့ရှိတာပေါ့ ။ကော်ဘရာ စစ်ကြောင်း တို့ စစ်ကြောင်း နှစ်ကြောင်း ၊သုံးကြောင်း ရှိတာ။ တခြားတပ်က ထပ်ဝင်မှာ ။ အစကတည်းက အခုထက်ထိ ချနေတာ။ အောင်ဇေယျာ စစ်ဆင်ရေးစ ကတည်းက ကျနော်တို့ဘက်က အသာရတာပေါ့။ သူတို့ တိုးလို့မရဘူး”ဟု အောင်ဇေယျစစ်ကြောင်းအား ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှု အခြေအနေကို ပြောသည်။
ထို့အပြင် မကြာမီ မိုးတွင်းကာလရောက်တော့မည်ဖြစ်၍ တော်လှန်ရေးအင်အားစုများက အသာစီးဖြင့် တိုက်ခိုက်ရတော့မည်ဟု ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။
မိုးတွင်းကာလအတွင်း စစ်ကောင်စီ၏ ထောက်ပံ့မည့် ရိက္ခာလမ်းကြောင်း ပြတ်တောက်ခြင်း၊ လေကြောင်းသုံးတိုက်ခိုက်ရန် လျော့နည်ခြင်း၊ မိုးတွင်းကာလအတွင်း နယ်မြေခံတပ်ရင်းများက ရာသီဥတုနှင့် နယ်မြေကျွမ်းကျင်မှုရှိသော
ကြောင့် ‌တော်လှန်ရေးတပ်ဖွဲ့များက အသာစီးရမည်ဟု ဗိုလ်မှူးကျော်ဟိန်းက ​သုံးသပ်သည်။
အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်းအမှတ်(၃၂) ဗျူဟာက ဦးဆောင်ပြီး KNLA၊ ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။
နိုင်ငံတကာကပါ စောင့်ကြည့်​နေ​သော
​တော်လှန်​ရေးတပ်များက ​အောင်​ဇေယျစစ်​ကြောင်းကို​တိုက်ခိုက်​နေ​သောတိုက်ပွဲများမှာ ​မေလကုန်ပိုင်းအထိ ​အောင်​ဇေယျစစ်​ကြောင်းသည် မြဝတီမြို့သို့မ​ရောက်​သေးဘဲ မိုးဦးကျလာပါက စစ်​ရေးတွင် တော်လှန်​ရေးတပ်များက အသာရစီးသွားမည်ဟု နိုင်ငံတကာမှ
စစ်​ရေး​လေ့လာသူများက သုံးသပ်ထားသည်။
ဘဂ်လာပင်လယ်​အော်တွင်ဖြစ်​ပေါ်​နေ​​သောမုန်တိုင်း အရှိန်​ကြောင့် အ​နောက်​​တောင်မုတ်သုံ​လေသည် မြန်မာနိုင်ငံ​တောင်ပိုင်းသို့ ဝင်​ရောက်​နေပြီဖြစ်ပြီး မိုးများရွာသွန်း​နေပြီဖြစ်သည်။
(ဒေါနတောင်ပေါ်၌ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များ။ ဓာတ်ပုံ – ကော်ဘရာ)