စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကို ထိန်းရန် Digital ငွေကြေးများ၊ ဟွန်ဒီများ အရောင်းဝယ်လုပ်လျှင် အရေးယူမည်ဟု ကြေညာသော်လည်း ဒေါ်လာတန်ဖိုး ဆက်လက်ထိုးတက်

စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကို ထိန်းရန် Digital ငွေကြေးများ၊ ဟွန်ဒီများ အရောင်းဝယ်လုပ်လျှင် အရေးယူမည်ဟု ကြေညာသော်လည်း ဒေါ်လာတန်ဖိုး ဆက်လက်ထိုးတက်
ရန်ကုန်၊ မေ ၂၆
အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာတန်ဖိုးမြင့်တက်မှုကို ထိန်းချုပ်နိုင်ရေး Digital ငွေကြေးများ အရောင်းအဝယ် ဟွန်ဒီများ အရေးယူမည်ဟု ကြေညာသော်လည်း မထိရောက်ဘဲ ဒေါ်လာတန်ဖိုး ဆက်လက်ထိုးတက်နေကြောင်း ရန်ကုန်မြို့မှ ဒေါ်လာဝယ်ရောင်းများက ပြောဆိုကြသည်။
မေလ ၂၄ ရက်နေ့တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒီဂျစ်တယ်ငွေကြေးများဖြစ်သော Cryptocurrency ၊ Bitcoin(BTC) ၊ Litecoin(LTC) ၊ Ethereum (ETH) နှင့် Perfect Money(PM) စသည်တို့ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်း၊ ယင်းတို့လဲလှယ်ရောင်းဝယ်ခြင်းမပြုလုပ်ရန် ထုတ်ပြန်ခဲ့ကြောင်း၊ ယခုနောက်ဆုံး USDT အပါအဝင် တရားမဝင် ဒီဂျယ်တယ်ငွေကြေးများကို ရောင်းဝယ် လဲလှယ်ခြင်း၊ USDT အသုံးပြု၍ ဟွန်ဒီလုပ်ငန်းများ ဆောင်ရွက်နေကြောင်း တွေ့ရှိရပြီး ယင်းသို့ ဆောင်ရွက်သူများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ငွေကြေးဆိုင်ရာ ဥပဒေများနှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။
” ပြည်တွင်းမှာ USDT သုံးပြီး ငွေအလွှဲအပြောင်း ဟွန်ဒီလုပ်တာလည်းရှိသလို ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဝယ်ကြတာလည်း ရှိပါတယ်။ အဲဒါကို အခု မြန်မာပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေနဲ့ USDT အရောင်းအဝယ်တွေ ချိတ် ဆက် အရောင်းအဝယ် လုပ်မရအောင် ဗဟိုဘဏ်က လုပ်လာတာ။ အဲဒီလိုလုပ်တော့ ကျပ်ငွေ တန်ဖိုးကျတာ ပိုဆိုးလာတယ်။ ဘာလို့ဆိုတော့ အရင်က USDT နဲ့ ပုဂ္ဂလိကဘဏ်အကောင့်တွေအကြား ကျပ်ငွေနဲ့ အရောင်းအဝယ် လုပ်လို့ရတော့ ဘာပဲဖြစ်ဖြစ် ကျပ်ငွေ သုံးလို့ရတဲ့နေရာတစ်ခုအနေနဲ့ ရှိနေသေးတာ။ အခုလို ပိတ်လိုက်တော့ ကျပ်ငွေ သုံးဖို့ နေရာနယ်ပယ်နည်းလာတယ်။ အခြေအနေပိုဆိုးပြီး ကျပ်ငွေ တန်ဖိုးကျတယ်၊ ဆက်ကျဖို့ပဲရှိတယ်” ဟု ရန်ကုန်မြို့မှ ဒေါ်လာလက်ကြီး ဝယ်ရောင်းသမားနှင့် ဟွန်ဒီငွေလွှဲဒိုင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီက တရားမဝင် USDT နှင့်ဒီဂျစ်တယ်ငွေကြေးကို အရောင်းအဝယ်လုပ်ပါက ဘဏ်စာရင်းကို ပိတ်သိမ်းမည့်အပြင် ငွေကြေးဆိုင်ရာ ဥပဒေများဖြင့် ထောင်ဒဏ်၊ ငွေဒဏ် ၊ ဒဏ် ၂ ရပ်လုံး ဖြစ်ချမှတ်မည်ဟုထုတ်ပြန်ထားသည်။
စစ်ကောင်စီက မေလ ၂၄ ရက်နေ့ ကြေညာချက်ထုတ်ပြန်ပြီးနောက် မေလ ၂၅ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၁၀၀ မှ ၄၂၀၀ အကြား စျေးနှုန်းများ ဆက်လက် မြင့်မားနေကြောင်း သိရှိရသည်။