မုံရွာတွင် ပြည်သူ့စစ်သင်တန်းပေးနေသော ဒုတပ်ကြပ်တစ်ဦးအား ပလဖဖမ်း​ဆီး

မုံရွာတွင် ပြည်သူ့စစ်သင်တန်းပေးနေသော ဒုတပ်ကြပ်တစ်ဦးအား ပလဖဖမ်း​ဆီး
ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပြည်သူ့စစ်များအား သင်တန်းပေးနေသော အမှတ် (၉၂၉) ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၏ ဒုတိယတာဝန်ခံ ကိုသီဟက ပြောသည်။
မေလ ၂၂ ရက်က မုံရွာမြို့နယ်၊ အရာတော်-မုံရွာလမ်းပိုင်းတနေရာ၌ မြို့နယ်နှင့် ရပ်ကျေးလုံခြုံရေးအဖွဲ့က စစ်ဆေးရေးပြုလုပ်နေစဥ် ခရီးသည်တင်ယာဥ်ဖြင့် လိုက်ပါလာသော အရပ်ဝတ်ဒုတပ်ကြပ် စန်းချစ်နိုင်ဆိုသူအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပလဖ ဒုတာဝန်ခံ ကိုသီဟက ပြောသည်။
၎င်းဒုတပ်ကြပ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ်(၉၂၉) ထောက်ပံ့နှင့်ဆက်သွယ်ရေး တပ်ရင်းမှဖြစ်ပြီး အရာတော်မြို့နယ်သို့ လုံခြုံရေးတာဝန်ဖြင့်သွားရောက်စဥ် ဖမ်း​ဆီးခံလိုက်ရခြင်းဖြစ်သည်။
“ကျွန်တော်တို့ စစ်ဆေးတဲ့အချိန်မှာ သူ့ဖုန်းထဲကဖွက်ထားတဲ့ပုံတွေ တွေ့တာ။ စစ်တပ်ယူနီဖောင်းနဲ့ပုံတွေ။ ပုံတွေတွေ့လို့ စစ်မေးကြည့်လိုက်တော့ သူကလည်း ဝန်ခံတယ်။ ရွှေချက်စက်ရုံမှာ လုံခြုံရေးယူဖို့ အရပ်ဝတ်နဲ့လိုက်လာတာ။ ပြည်သူ့စစ်တွေကို သုံးလသင်တန်းပေးခဲ့တယ် ပြောတယ်။”ဟု ကိုသီဟက ပြောသည်။
၎င်းသည် ယခင်က ခမရ(၅၇၀)၌ (၁၅)နှစ်ကျော် တာဝန်ထမ်းခဲ့ပြီး ခွင့်မဲ့ပျက်ကွက်ကာ စစ်တပ်မှ ထွက်ခွာခဲ့သည်။ ထို့နောက် ၂၀၂၄ ဖေဖော်ဝါရီတွင် စစ်တပ်သို့ပြန်လည်ဆက်သွယ်ကာ ၉၂၉ တပ်သို့ ရောက်ရှိခဲ့သည်ဟု မုံရွာပလဖထံ ဝန်ခံခဲ့သည်။
“သူက စစ်တပ်မှာ ၁၅ နှစ်ကျော် တာဝန်ထမ်းခဲ့တယ်ဆိုတော့ သင်တန်းနည်းပြလုပ်ခိုင်းလိုက် တာ။အဲဒီမှာ ပြည်သူ့စစ်ကို သုံးလလောက် သင်တန်းပေးခဲ့တာ”ဟု ကိုသီဟက ပြောသည်။
၎င်းအား ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သလို အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု သိရသည်။
ထို့အပြင် ကိုဝေမိုးနိုင်အပါအဝင် သပိတ်ခေါင်းဆောင်များ၊တော်လှန်ရေးအဖွဲ့များ၊ ထောက်ပို့များအား ဖမ်းဆီးရန် ပြည်သူအသွင်ယူထောက်လှမ်းနေသော မုံရွာမြို့၊ ချမ်းမြသာစည် ရပ်ကွက်မှ ရဲတစ်ဦးအား မေလ ၁၉ ရက်တွင် မုံရွာပလဖက ဖမ်း​ဆီးခဲ့သေးသည်။
(ဖမ်းဆီးခံရသော ဒုတပ်ကြပ် စန်းချစ်နိုင်ဆိုသူအား တွေ့ရစဥ်။ ဓာတ်ပုံ – မုံရွာပလဖ)