ရွာကိုမီးရှို့ဖျက်ဆီးပြီး ​သီချင်ဆိုအောင်ပွဲခံခဲ့တဲ့ စစ်တပ် နဲ့ ပျူ​တွေ

ရွာကိုမီးရှို့ဖျက်ဆီးပြီး ​သီချင်ဆိုအောင်ပွဲခံခဲ့တဲ့
စစ်တပ် နဲ့ ပျူ​တွေ
-​အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ရွာရှည်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး ပြည်သူတွေကို သတ်ဖြတ်ပြီးတဲ့နောက် သီချင်းဆိုကာ အောင်ပွဲခံနေတဲ့ ရုပ်သံမှတ်တမ်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၉ရက်က တိုက်ပွဲကပြန်လာတဲ့ PDF ရဲဘော်တွေကို ကြိုဆိုတယ်ဆိုပြီး​တော့ မြင်းခြံမြို့နယ်က ရွာရှည်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက မေလ ၁၄ရက်မှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပါတယ် ။ဒါအပြင်ဒေသခံပြည်သူ ၅ ဦးကိုပါ သတ်ဖြတ်ခဲ့တာပါ။
စစ်သား နဲ့ ပျူစောထီးတွေဟာ မီးလောင်နေတဲ့ ကျေးရွာထဲကနေ စိတ်​ကျေနပ်မှုအပြည့်နဲ့ သီချင်းတအေးအေးနဲ့ ပြန်လာတာကို ရုပ်သံမှတ်တမ်းမှာ မြင်တွေ့ရပါတယ်။ စစ်​ကောင်စီတပ်နဲ့ စစ်တပ်လက်​အောက်ခံ​တွေက နိုင်ငံတစ်ဝန်းက ​နေအိမ် အ​ဆောက်အအုံ​တွေ မီး​လောင်ဖျက်ဆီးတာ ၂၀၂၄ ဧပြီလကုန်အထိ့ ​နေအိမ်၊ ​အ​ဆောက်အအုံ​​ပေါင်း ၈၈၀၀၀ ​ကျော်ရှိ​နေပါပြီ ။ ဒါ​ပေမယ့် စစ်တပ်က အိမ်​တွေမီးရှို့ဖျက်ဆီးပြီး အခုလို​အောင်ပွဲခံတဲ့ မှတ်တမ်းအ​ထောက်အထား​တွေက​တော့ ရှားရှားပါးပါး ထွက်​ပေါ်လာတာဖြစ်ပါတယ် ။
အဲဒီရုပ်သံက ရွာရှည်ရွာဖြစ်စဥ်ဟုတ်မှန်ကြောင်းလည်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက အတည်ပြုပါတယ်။
နောက်ထပ် ရုပ်သံမှတ်တမ်းတစ်ခုမှာလည်း ရွာရှည်ကျေးရွာက နေအိမ်တွေဘက်ကို စစ်သားတစ်ဦးက သေနတ်နဲ့ချိန်ထားချိန် အခြားစစ်သားတစ်ဦးက “ရတယ်။ ဗိုလ်လေးပစ်။”လို့လည်း မြှောက်ပေးနေတာ တွေ့ရပါတယ်။
ဒါ့အပြင် အဲဒီစစ်အုပ်စု ရွာရှည်ရွာအဝင်မုခ်ဦးရှေ့မှာလည်း အောင်ပွဲခံတဲ့အနေနဲ့ အမှတ်တရဓာတ်ပုံရိုက်ဖို့ ဝမ်းသာအားရ လူစုခဲ့ကြပါသေးတယ်။
ဗီဒီယိုဖိုင်နဲ့ပတ်သပ်ပြီးMyingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက
“နိုင်ငံတကာစစ်ဥပဒေ ဘယ်သူတွေက ချိုးဖောက်နေလဲဆိုတာ ဒီဗွီဒီယိုဖိုင်သက်သေကနေ ကြည့်လို့ရပါတယ်။ နောက်ပိုင်းသူတို့စစ်တပ်ကဗြောင်လိမ်တဲ့ အရာတွေရှိတယ်။ ပြည်သူတွေကိုသတ်တာPDFပါ၊ ပြည်သူ့ပစ္စည်းတွေကိုခိုးတာ PDF ပါ၊ မီးရှို့တာ PDF ပါဆိုပြီး ပြောလေ့ပြောထရှိတယ်။ လိမ်လေ့လိမ်ထရှိတယ်။ လက်ရှိ အနေအထားမှာ ဗွီဒီယိုဖိုင်နဲ့တကွထွက်လာပြီ။ ဒီလိုမျိုးပြစ်မှုတွေကိုဘယ်သူလုပ်လဲ။ ကလေးတွေကိုဘယ်သူသတ်လဲ၊ ပစ္ဧည်းတွေကိုဘယ်သူယူသလဲ၊ ရွာတွေကိုမီးရှို့တာဘယ်ကောင်တွေလဲဆိုတာ အခုလောက်ဆိုရင် အားလုံးသိလောက်ပြီလို့ ထင်တယ်။”လို့
မှတ်ချက်ပြု ပါတယ်။
ဒါ့အပြင် နိုင်ငံတကာအနေနဲ့ အမြန်ဆုံးအရေးယူပေးစေလိုပြီး အဲလိုအရေးယူလုပ်ဆောင်မှ ပြည်သူ့အခွင့်အရေးပြန်ရမယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
အဲဒီစစ်ကြောင်းမှာ ဆီမီးခုံမြို့က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ၊ ဆုံရွာက ပျူစောထီးတွေနဲ့ မန္တလေးနဲ့ မိတ္ထီလာတပ်က စစ်ကောင်စီတပ်သားတွေပါဝင်တယ်လို့ ဒေသတွင်း PDF ရဲဘော်တွေက ပြောပါတယ်။