ကြို့ပင်ကောက်တွင် စစ်သားသစ် စုဆောင်းနေသော လက်နက်ကိုင် အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး၏ ဇနီး သေဆုံးပြီး သေနတ်နှင့် လက်ပစ်ဗုံး သိမ်းဆည်းရရှိ

ကြို့ပင်ကောက်တွင် စစ်သားသစ် စုဆောင်းနေသော လက်နက်ကိုင် အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး၏ ဇနီး သေဆုံးပြီး သေနတ်နှင့် လက်ပစ်ဗုံး သိမ်းဆည်းရရှိ
■ အပြန်အလှန် ပစ်ခတ်မှုအတွင်း ပုဂ္ဂလိကချေးငွေ ကုမ္ပဏီဝန်ထမ်း ၂ ဦးလည်း သေဆုံး
ရန်ကုန်၊ မေ ၂၃

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်ကြို့ပင်ကောက်မြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော လက် နက်ကိုင် အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး ဇနီးဖြစ်သူသေဆုံးပြီး သေနတ်နှင့် လက်ပစ်ဗုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်အချိန် အေးမကွင်းကျေးရွာမှ လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်း နေအိမ်သို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက် ပြောက် ကျားတပ်ဖွဲ့မှ ရဲဘော်များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းနှင့် ဇနီးဖြစ်သူ သန်းသန်းနွယ်တို့က သေနတ်ဖြင့် ပြန်လည် ခုခံ ပစ်ခတ်ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြန်အလှန် ပစ်ခတ်မှု အတွင်း အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းသည် ပြင်းထန် ဒဏ်ရာများဖြင့် ထွက်ပြေးသွားပြီး ၄င်း၏ ဇနီးဖြစ်သူ သန်းသန်းနွယ် သေဆုံးကာ အုပ်ချုပ်ရေးမှူး နေအိမ် ရောက်ရှိနေသည့် ပုဂ္ဂလိကချေးငွေ ကုမ္ပဏီဝန်ထမ်း ၂ ဦးလည်း သေဆုံးခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး နေအိမ်အတွင်းမှ သေနတ် အတို ၁ လက်၊ ကျည် ၁၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၂ လုံး၊ ငွေသား ၃၁၀၀၀၀ ကျပ်၊ တံဆိပ်တုံး ၂ ခု၊ မှတ်ပုံတင် ၁ ခု နှင့် စာရွက်စာတန်း တချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။
“မနေ့က မွန်းလွဲပိုင်းမှာ အေးမကွင်း အုပ်ကြီး ခင်မောင်ဝင်းနဲ့ ပျူစောထီး အဖွဲ့တွေက စစ်မှုထမ်းဖို့ လူငယ်တွေကို စုဖို့ အစည်းအဝေး လုပ်နေတယ် သတင်းကြားလို့ အိမ်ကိုဝင်စီးတာ အဲ့အိမ်ထဲမှာရှိနေတဲ့ အုပ်ကြီးနဲ့ သူ့မိန်းမက ကျွန်တော်တို့ ရဲဘော်တွေကို စခတွေ ပေးထားတဲ့ သေနတ်နဲ့ ပြန်ပစ်လို့ အပြန်အလှည် ပစ်ခတ်မှု ၁၀ မိနစ်လောက် ဖြစ်ပွားခဲ့တယ်။ အုပ်ကြီးကို သေနတ်ကျည် ၂ ချက်မှန်ပြီး ထွက်ပြေးတယ်။ အုပ်ကြီးမိန်းမက ဆေးရုံရောက်မှ သေတယ်။ ကျန် ၂ ဦးကတော့ အပြန်အလှန် ပစ်ခတ်ကြရင်း ကျည်မှန် သေတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏ ထောက်တိုင်များအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် ပြည်သူများကို အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် အတွက် အဆိုပါ အပြန်အလှန် ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်း နှင့် အတူထိုင်နေသော ပုဂ္ဂလိက ချေးငွေ ကုမ္ပဏီ ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“အရင်က သူတို့ကို ပျူစောထီးတွေထင်နေတာ ဒီမနက်မှ သိရတာက သူတို့က ချေးငွေကိစ္စနဲ့ အုပ်ကြီးအိမ်ရောက်နေကြတဲ့ ကုမ္ပဏီဝန်ထမ်းတွေမှန်းသိရတာ အခုလိုဖြစ်သွားတော့ ရဲဘော်တွေလည်း စိတ်မကောင်းဖြစ်ကြရတယ်။ အရင်ကတည်းက စကစတွေနဲ့ သူတို့ထောက်တိုင်တွေနား မနေဖို့ အကြိမ်ကြိမ်သတိပေးနေတာကို မလိုက်နာတော့ ခုလိုဖြစ်ရတာပေါ့။ အုပ်ကြီးကတော့ ရန်ကုန်ဆေးရုံကြီးမှာ အခြေအနေသိပ်မကောင်းဘူး။ သူတို့ထိုင်နေတဲ့ စားပွဲပေါ်မှာ သေနတ်တွေ လက်ပစ်ဗုံးတွေတင်ထားတာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ အုပ်ကြီး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပျူစောထီးနဲ့ သတင်းပေးတွေကို ထပ်မံပြီးရှင်းလင်းမှာမို့ ဒီလိုလူတွေနဲ့ ဝေးဝေးနေကြဖို့ ပြည်သူများကို အထူးသတိပေးပါရစေ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းသည် အကြမ်းဖက် စစ်ကောင်စီ အလိုကျ ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ စစ်ကောင်စီထံ တော် လှန်ရေး ရဲဘော် များ၏ အချက်အလက်များအား ထောက်လှမ်းသတင်းပို့ခြင်း၊ စစ်ကောင်စီ အားကိုးဖြင့် ပြည်သူများကို အမျိုးမျိုး ဖိနှိပ်ဒုက္ခပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။