သေနတ်နဲ့ပစ်ခံရတဲ့ မန္တလေးက ယာဉ်ထိန်းဒုရဲအုပ် ရဲမေ အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ပဲ ဆေးရုံမှာသေ
အောက်တိုဘာ ၁၅၊ ၂၀၂၄
မန္တလေးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒုရဲအုပ် ယာဥ်ထိန်းရဲမေ ဖူးပွင့်ဇော်မှာ မနေ့ည (အောက်တိုဘာ ၁၄) ကပဲ အဆုတ်ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၃ရက်၊ ညနေပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စရပ်ကွက်၊ ၆၂လမ်း၊ ၁၂၄လမ်းနဲ့ ၁၂၅လမ်းမှာ ယာဥ်လမ်းကြောစစ်ဆေးနေတဲ့ ယာဥ်ထိန်းဒုရဲအုပ် ဖူးပွင့်ဇော်ကို ဆိုင်ကယ်စီးနင်းလာသူ ၂ယောက်က သေနတ်နဲ့ ပစ်ခတ်သွားတာဖြစ်ပါတယ်။
“ပြည်ကြီးတံခွန် ၊ စရပ်ကွက်၊ ၆၂လမ်း ၁၂၄လမ်း ၁၂၅လမ်း ကြားမှာ ညနေ ၄နာရီလောက်က ဗျိုင်းဖြူမတစ်ကောင် ပစ်ခတ်ခံရပါတယ်။ ချက်ချင်းမသေဘဲ ညာဖက်ရင်အုပ်ကို ထိမှန်ပြီး ခဏအကြာမှာပဲ လူနာတင်ကားတွေနဲ့ စခတွေ ရောက်လာပါတယ်။ လမ်းသွားလမ်းလာပြည်သူတွေကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေလုပ်ခဲ့ပါတယ” လို့ Voice Of Mandalay အဖွဲ့ကလည်းပြောပါတယ်။
ပစ်ခတ်ခံရတဲ့ ယာဥ်ထိန်းရဲမေကို အမှတ် ၁ စစ်မြေပြင် ဆေးတပ်ရင်းက ICU အထူးကြပ်မတ်ဆောင်ကို ပို့ဆောင်ကုသပေးခဲ့ပေမယ့် မနေ့က (အောက်တိုဘာ ၁၄ရက်) ညပိုင်းမှာတော့ အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ပဲသေဆုံးသွားတာဖြစ်ပါတယ်။
ဖူးပွင့်ဇော်မှာ မသေဆုံးခင်အချိန်က မန္တလေးမြို့မှာ ငွေညှစ်ကြမ်းတဲ့ ယာဥ်ထိန်းရဲမေ၁ယောက်ဖြစ်ကြောင်း ဒေသခံတွေက ဆိုကြပြီး ဒီပစ်ခတ်ရှင်းလင်းမှုကိုဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိကြသေးပါဘူး။
ယာဥ်ထိန်းရဲမေ သေဆုံးမှုနဲ့ပက်သက်လို့ မန္တလေးမြို့ခံ ၁ယောက်ကလည်း “မန္တလေးမှာ လမ်းတိုင်းရောက်ပြီး ဓားပြတိုက်ငွေတောင်းကြမ်းနေတဲ့ တစ်ယောက်တော့လစ်သွားပြီ။ ကား၊ စက်ဘီး၊ ဆိုင်ကယ်မပေးရတာမရှိခဲ့ဘူး။ ” လို့လည်း သူ့အမြင်ကိုပြောခဲ့ပါတယ်။
အလားတူ အောက်တိုဘာ ၁၁ရက်နေ့ကလည်း ပွင့်ဖြူမြို့အဝင်မှာ လာသမျှကားတိုင်းဆီက ငွေတောင်းနေတဲ့ ယာဥ်ထိန်းရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ယာဥ်ထိန်းရဲမေ ဖက်တီးမ (ခ) သဲသဲမွန် ဆိုသူ ထိခိုက်ဒဏ်ရာပြင်းထန်ပြီး နေပြည်တော်စစ်ဆေးရုံမှာတက်ရောက်ကုသနေရကြောင်း သိရပါတယ်။
ပုံစာ – သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံရတဲ့ ယာဥ်ထိန်းဒုရဲအုပ် ဖူးပွင့်ဇော်
လမ်းပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ယာဉ်ထိန်းရဲမေတစ်ယောက် မိုင်းခွဲခံရပြီး စိုးရိမ်လူနာအဖြစ် ဆေးရုံရောက်
အောက်တိုဘာ ၁၅၊ ၂၀၂၄
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ငွေတောင်းကြမ်းတဲ့ ယာဥ်ထိန်းရဲမေ သဲသဲ ဆိုသူ မိုင်းခွဲတိုက်ခံရပြီး ထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့် နေပြည်တော် စစ်ဆေးရုံမှာ တက်ရောက်ကုသနေရကြောင်း မင်းဘူးခရိုင်၊ အမှတ်၄တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အောက်တိုဘာလ ၁၁ရက်၊ မနက်အစောပိုင်းက ပွင့်ဖြူမြို့အဝင်ဆိုင်းဘုတ်အနီးမှာ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်နဲ့ မော်တော်ကားတွေကို ဖမ်းဆီးငွေညှစ်တောင်းခံနေတဲ့ စစ်ကောင်စီယာဉ်ထိန်းရဲအုပ်စုတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရသူတွေထဲ မော်တော်ယာဥ်တွေဆီက ငွေတောင်းကြမ်းသလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့သတင်းတွေကိုပါ ပေးပို့နေတဲ့ ယာဥ်ထိန်းရဲမေ သဲသဲမွန်(ခ) ဖက်တီးမ ဆိုသူလည်း ပါဝင်ခဲ့ပြီး ဦးခေါင်း၊ မိန်းမအင်္ဂါနဲ့ ကျောက်ကပ်တို့ပါ ထိခိုက်သွားတဲ့အတွက် စိုးရိမ်လူနာအဖြစ် နေပြည်တော်ကို ပို့ဆောင်ကုသနေရတာဖြစ်ကြောင်း မိုင်းခွဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ မင်းဘူးခရိုင်၊ အမှတ်၄တပ်ရင်းအဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
” အဲဒီ- ဘဲဥမ က ပွင့်ဖြူရော စလင်းမှာပါ မကောင်းသတင်း တော်တော်ထွက်နေတာလို့ပြောရမယ်။ ဆိုင်ကယ်စီးလာတာနဲ့ အကြောင်းပြချက်မျိုးစုံသုံးပြီး ဖမ်းတယ်။ ငွေတောင်းတာရော ဖမ်းစီးတာမှာပါ ဘယ်သူ့ကိုမှ အလွတ်မပေးဘူး။ နောက်ပြီးသူ့ကြောင့် တော်လှန်ရေးသမားတွေ ထောက်ပို့တွေလည်းအဖမ်းခံထိထားတယ်။ သူ့ နာမည်စာရင်း အတိအကျရတဲ့အတွက် သေသေချာချာစီစဥ်ပြီး စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာပါ။ အခုတော့ နေပြည်တော်ကို တက်ပြီး ကုနေရတယ်ကြားတယ်။ အခြေအနေဆိုးတယ်ပေါ့။ သူ့ထိတဲ့သတင်းကိုကြားပြီး မြို့နေ ပြည်သူတွေလည်းကျေနပ်နေကြတယ်” လို့ မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်းအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အလားတူ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာလည်း အောက်တိုဘာလ ၁၃ရက်၊ ညနေပိုင်းက ၆၂လမ်း ၁၂၄လမ်းနဲ့ ၁၂၅လမ်း ကြားမှာရှိနေတဲ့ယာဥ်ထိန်းရဲမေ ၁ယောက် ပစ်ခတ်ခံခဲ့ရတယ်လို့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။
အကြမ်းဖက်စစ်တပ်လော်ဘီချန်နယ်တွေရဲ့ဖော်ပြချက်အရ မန္တလေးမှာ ပစ်ခတ်ခံရသူဟာ ဒုရဲအုပ်အဆင့်ရှိသူ ဖူးပွင့်ဇော်ဖြစ်ပြီး ညာဘက်ရင်အုပ်ကိုထိမှန်ခဲ့ပေမယ့် ဆေးရုံတင်ကို အချိန်မှီပို့ဆောင်နိုင်ခဲ့တာကြောင့် သေဆုံးခဲ့ခြင်းမရှိကြောင်း သိရပါတယ်။
ပုံစာ – အာဏာသိမ်းပြီးကာလ ယာဥ်ထိန်းရဲမေ ၁ယောက် ဗုံးပစ်ခံရပြီး ထိခိုက်ဒဏ်ရာရခဲ့စဥ် (ပုံဟောင်း)