နေပြည်တော်၊ Non-CDM ဝန်ထမ်း ၁ သောင်းနီးပါးထံမှ ငလျင်ထောက်ပံ့ကြေး ၁ ဦးလျှင် ငွေကျပ် ၇ သောင်း ကျော် စစ်ကောင်စီက ပြန်တောင်းခံ၊ ငလျင်ဘေးသင့် ဝန်ထမ်းများက စစ်တပ်တောင်းသော ငွေပြန်မပေးနိုင်တော့၍ ဒုက္ခရောက်နေ


နေပြည်တော်၊ Non-CDM ဝန်ထမ်း ၁ သောင်းနီးပါးထံမှ ငလျင်ထောက်ပံ့ကြေး ၁ ဦးလျှင် ငွေကျပ် ၇ သောင်း ကျော် စစ်ကောင်စီက ပြန်တောင်းခံ၊ ငလျင်ဘေးသင့် ဝန်ထမ်းများက စစ်တပ်တောင်းသော ငွေပြန်မပေးနိုင်တော့၍ ဒုက္ခရောက်နေ
ရန်ကုန်၊ ဇူလိုင် ၄

နေပြည်တော်၊ ဝန်ကြီးဌာနပေါင်းစုံရှိ ဦးစီးဌာန ၃၂ ခုတွင် အလုပ်လုပ်ကိုင်နေသည့် Non-CDM ဝန်ထမ်း ၁ သောင်း နီးပါးထံမှ ငလျင်ထောက်ပံ့ကြေး ၁ ဦးလျှင် ငွေကျပ် ၇ သောင်းကျော် စစ်ကောင်စီက ပြန်လည်တောင်းခံလာကြောင်း နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်း ၁ ဦးလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲ ၊ ငါးပိ စားသောက်ကုန် ၅ မျိုးကို ၁ လစာအဖြစ် ငွေကျပ် ၇၀၇၄၃ ကျပ်ဖိုး ထောက်ပံ့ခဲ့ကြောင်း၊ သို့ရာတွင် ယင်းသို့ ထောက်ပံ့ရာတွင် နေပြည် တော်ကောင်စီက ၁ ကြိမ်၊ သက်ဆိုင်ရာ ဝန်ကြီး ဌာနများက ၁ ကြိမ် စုစုပေါင်း ၂ ကြိမ်ထောက်ပံ့ခဲ့ကြောင်း၊ ထို့ကြောင် ပိုသော ၁ ကြိမ်အတွက် Non-CDM ဝန်ထမ်း ၁ ဦးလျှင် ငွေကျပ် ၇၀၇၄၃ ကျပ်ကို စစ်ကောင်စီထံသို့ ပြန်လည် ပေးသွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။
ဝန်ထမ်း ၁ ဦးလျှင် ငွေကျပ် ၇၀၇၄၃ ကျပ်နှုန်းဖြင့် ဝန် ထမ်းစုစုပေါင်း ၉၄၀၂ ဦးက ဇူလိုင်လ ၇ ရက်နေ့ နောက်ဆုံးထား၍ အကြမ်းဖက်စစ်ကောင်စီထံသို့ ငွေကြေးများ ပြန်လည် ပေးသွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။
သို့ရာတွင် ဝန်ထမ်းများအနေဖြင့် ငလျင်ကြောင့် နေအိမ်၊ ပစ္စည်း ဥစ္စာများ ဆုံးရှုံးခဲ့ပြီးဖြစ်၍ စစ်ကောင်စီက ပြန်လည်တောင်းခံနေသော ၁ လစာ ငွေကျပ် ၇၀၇၄၃ ကျပ်ကို ပြန်လည် ပေးသွင်းနိုင်ခြင်းမရှိကြကြောင်း သိရှိရသည်။
“ကျနော်တို့ကို စာရင်းမှား ပေးမိတယ်ဆိုပြီး ဒီလစာ ထုတ်ပြီးတာနဲ့ ၁ ပတ်အတွင်း ဝန်ထမ်း ၁ ဦးကို ငွေကျပ် ၇၀၇၄၃ ကျပ် ပြန်တောင်းတယ်။ ဝန်ထမ်းအားလုံးက ပြန်မသွင်းနိုင်ကြဘူး။ ပေးတာက ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ ၅ မျိုး ၂ လစာပေါ့။ အခုကျတော့ ပြန်တောင်းတာက ၁ လစာ ငွေ ၇၀၇၄၃ ကျပ် တောင်းတယ်။ ရတဲ့လစာက မလောက်လို့ အင်မတန်မှ ချွေတာသုံးနေရတာ။ ပေးစရာမရှိဘူး။ စာရင်းမှား ပေးမိတယ်လို့ ပြောရအောင် သူတို့က နိုင်ငံတော်အဆင်နဲ့ စာရင်း မနိုင်ဘူးလား” ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီက ပြန်တောင်းနေသော ငွေကျပ် ၇ သောင်းကျော်ကို လာဘ်ပေးလာဘ်ယူ ကြီးမားသော ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့၊​ထွေ/အုပ်ကဲ့သို့သော ဦးစီးဌာနမှ ဝန်ထမ်းများက ပြန်ပေးနိုင်ကြသော်လည်း အောက်ဆိုက် ငွေရလမ်းမရှိသော မြန်မာ့မီးရထား၊ သာသနာရေးနှင့် ကျေးလက်ဦးစီးဌာန ၊ မီးသတ်ဌာန၊ စက်မှုလယ်ယာ၊ကျန်းမာရေးနှင့် အား/ကာ ဦးစီးဌာနမှ ဝန်ထမ်းများက ပြန်မပေးနိုင်ကြကြောင်း သိရှိရသည်။
လတ်တလော ငလျင်ကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာပျက်စီးသွား၍ စစ်ကောင်စီက ဝန်ထမ်းများကို ကွန်တိန်နာပုံးများဖြင့် ယာယီနေအိမ်များ စီစဉ်ပေးထားသော်လည်း လျှပ်စစ်မီး၊ အိမ်သာ၊ ရေပိုက်လိုင်းစနစ်များ စီစဉ်ပေးနိုင်ခြင်းမရှိ၍ ဝန်ထမ်းများ အတိဒုက္ခရောက်နေရကြောင်း သိရှိရသည်။