တရုတ်စီမံကိန်း ဘေးကင်းရေး အစွမ်းကုန် အာမခံပေးမည်ဟု စစ်ခေါင်းဆောင်က တရုတ်သမ္မတကိုပြော
001
မဇ္ဈိမ။ ။ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုအား အစွမ်းကုန် အာမခံပေးသွားမည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမှုတွင်ပြောကြောင်း တရုတ်ပိုင်သတင်းဌာန ဆင်ဟွာက မေလ -၉ ရက်နေ့ ညပိုင်းတွင် ရေးသားသည်။
စစ်ခေါင်းဆောင်နှင့် တရုတ်သမ္မတတို့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် နှစ် ၈၀ ပြည့် ရုရှားအောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်စဉ်ကာလအတွင်း မေလ ၉ ရက်နေ့ ညနေပိုင်းက တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
တွေ့ဆုံမှုတွင် မြန်မာနိုင်ငံဘက်က မြန်မာရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊ စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျစွာ အာမခံပေးရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုခဲ့ပြီး ယင်းအပေါ် စစ်ခေါင်းဆောင်က အစွမ်းကုန် အာမခံပေးမည်ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
သမ္မတရှီကျင့်ဖျင်၏ ဉာဏ်ပညာကြီးသော ဦးဆောင်မှုအောက်တွင် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးသည် သာလွန်ကောင်းမွန်သော အောင်မြင်မှုများရရှိခဲ့ကြောင်း၊ မြန်မာက တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို များစွာအလေးထားပြီး တရုတ်၏ ယုံကြည်စိတ်ချရသော ချစ်ကြည်ရင်းနှီးထိုက်သည့် အိမ်နီးချင်းအဖြစ် ထာဝရလုပ်ဆောင်သွားလိုကြောင်း စစ်ခေါင်းဆောင်က ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံနှင့် အတူလက်တွဲ၍ စိန်ခေါ်မှုများအား ရင်ဆိုင်သွားရန် ဆန္ဒရှိကြောင်းပြောသည်ဟုလည်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း နှစ်ဖက်အနေဖြင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာဖော်ဆောင်ပြီး တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ၏ အဓိက စီမံကိန်းများတည်ဆောက်မှုအား စဉ်ဆက်မပြတ်တွန်းအားပေး ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဆိုသည်။
အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို တိုးမြှင့်တိုက်ဖျက်ရန် မျှော်လင့်ကြောင်းလည်း ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းလျှောက်လှမ်းခြင်း၊ အချုပ်အခြာအာဏာလွတ်လပ်မှု၊ နယ်မြေပိုင်နက်ပြည့်စုံမှု၊ တည်ငြိမ်မှု၊ ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ် တည်ငြိမ်သင့်လျော်စွာဖော်ဆောင်မှုအား တရုတ်နိုင်ငံက ထောက်ခံအားပေးသည်ဟုလည်း တရုတ်သမ္မတက ထည့်သွင်းပြောဆိုသည်။
တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်မူ တရုတ်က မြန်မာဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း၊ စစ်ကောင်စီကလုပ်မည့် ရွေးကောက်ပွဲကို အားပေးထောက်ခံကြောင်း ပါရှိပြီး တရုတ်စီမံကိန်းကိစ္စပြောဆိုမှုအား မဖော်ပြပေ။
လက်ရှိ စစ်ခေါင်းဆောင်နှင့် တရုတ်သမ္မတ တွေ့ဆုံမှုသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး တရုတ်ဘက်က နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ တရုတ်ကွန်မြူ နစ်ပါတီ(CPC) ဗဟိုကော်မတီရုံးအကြီးအကဲ ချိုက်ချီတို့လည်း တက်ရောက်ခဲ့သည်။
ပုံအညွှန်း – တရုတ်သမ္မတနှင့် စစ်ခေါင်းဆောင် မေလ ၉ ရက်နေ့က တွေ့ဆုံစဥ်။ ထိုတွေ့ဆုံမှုတွင် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုအား အစွမ်းကုန် အာမခံပေးသွားမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။ (ဓါတ်ပုံ – China Xinhua News)
#စစ်ခေါင်းဆောင်
#တရုတ်
#ရှီကျင့်ဖျင်
