လေထုမငြိမ်သက်မှုဖြစ်ပေါ်နေ၍ မေ ၁၀ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံအနှံ့ မိုးကြီးနိုင်မည်
ဧရာဝတီတိုင်းမ်
မေ ၉ ရက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်သက်မှုဖြစ်ပေါ်နေ၍ မေ ၁၀ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းနေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) က သတိပေးထားသည်။
အထူးသဖြင့် ငလျင်ဘေးဒဏ် ခံခဲ့ရသည့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့၌ မိုးအနည်းငယ်ရွာသွန်းမှုမှ မိုးပို၍သည်းထန်နိုင်သည်ဟု မိုး/ဇလက ဆိုထားသည်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့၌လည်း နေရာအနှံ့ မိုးထစ်ချုန်းပြီး ရွာနိုင်သည့်အပြင်၊ အချို့နေရာများ၌ မိုးကြီးနိုင်ကြောင်း သိရသည်။
ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် သတိထားကြရန် လိုအပ်ကြောင်း မိုး/ဇလက အသိထားသည်။
ထို့ကြောင့် အဆိုပါဒေသများမှ ကုန်းမြင့်ဒေသအနီး၌ နေထိုင်သူများအနေဖြင့် မြေပြိုနိုင်သည့် အန္တရာယ်ကို သတိပြုရမည်ဖြစ်ပြီး၊ မြစ်ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင် သတိထားသင့်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းထားသည်။
ဓာတ်ပုံ – ဧရာ၀တီတိုင်းမ် (ပုံဟောင်း)
#မြန်မာနိုင်ငံတစ်ဝန်းမိုးကြီးမည် #တိုင်းနှင့်ပြည်နယ် #Ayeyarwaddy_Times