အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး လင်းနိုင်စိုးနှင့် လက်အောက်ခံများက စစ်မှုထမ်းတပ်သား သစ် အရောင်း အဝယ်လုပ်ခြင်း၊ အကြမ်းဖက်မှုနှင့် နိုင်ငံရေးမှုများဖြင့် အမှုဆင်ဖမ်းဆီး ငွေခြိမ်းခြောက်တောင်းမှုများ လုပ်နေ
ရန်ကုန်၊ မေ ၉
မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး လင်းနိုင်စိုး ဦးဆောင်သော အဖွဲ့က လူစားထိုး စစ်မှုထမ်း တပ်သားသစ်များ အရောင်း အဝယ်လုပ်ခြင်း၊ အကြမ်းဖက်မှုနှင့် နိုင်ငံရေးမှုများဖြင့် အမှုဆင်၍ ငွေ ကြေးချမ်းသာသူများကို ဖမ်းဆီး ငွေခြိမ်းခြောက်တောင်းယူခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဖမ်းဆီး ငွေကြေးညှစ်ခံရသူတချို့နှင့် စစ်မှုထမ်းအဖြစ် ဖမ်းဆီးငွေညှစ်ခံရသူတချို့ထံမှ သိရှိရသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း၊ ကလောမြို့ စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး လင်းနိုင်စိုး ကို မန္တလေး နန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ် ပြောင်းရွှေ့ ခန့်အပ်ပြီးချိန်မှစတင်၍ လူစားထိုး စစ်မှု ထမ်းတပ်သ ားများ အရောင်းအဝယ်ကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာကြောင်း၊ မန္တလေးတွင် စစ်မှုထမ်းရန် အကျုံးဝင်နေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း ငွေကြေးချမ်းသာ သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ သားများ စာရင်းကို ဒုတိုင်းမှူး ဗိုလ်မှူးကြီး လင်းနိုင်စိုးက စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့များကို ကောက်ယူ ခိုင်းခဲ့ကြောင်း သိရှိရသည်။
အလယ်ပိုင်းတိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး လင်းနိုင်စိုးက ငွေကြေးတတ်နိုင်သူများ၏ သားများကို စစ်မှုထမ်းစာရင်းတွင် မပါလိုပါက ငွေကြေးပေးရန် တောင်း ယူခိုင်းခြင်း၊ လူစားထိုး စစ်မှုထမ်းတပ်သား ဝယ်ယူရမည်ဟုဆိုကာ ငွေကြေးတောင်းယူ အစားထိုးပေးခြင်းများ လုပ်ဆောင်နေကြောင်း၊ ယင်းသို့ ငွေကြေးခြိမ်းခြောက် တောင်းယူမှုများကို ဒုတိုင်းမှူး ဗိုလ်မှူးကြီးလင်းနိုင်စိုးက ဦးဆောင်ကာ ၎င်း၏ လက်အောက်ခံ စစ်အရာရှိများက ဆောင်ရွက်လုပ် ဆောင်ပေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဦးဆောင်တာကတော့ ဒုတိုင်းမှူးပေါ့။ ဒါပေမယ့် သူ့လက်အောက်ခံ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ဘက်ရေး ရာလုံခြုံရေး G1 အာကာမောင်နဲ့ ရဲမှူးတွေနဲ့ပေါင်းပြီး စစ်မှုထမ်းဥပေဒအကြောင်းပြပြီး ငွေညှစ်တယ်။နောက် ပြီး ငွေကြေးချမ်းသာတဲ့သူတွေ၊ လုပ်ငန်းရှင်တွေကို အကြောင်းမရှိ အကြောင်းရှာ သူတို့ ပါးစပ်ထဲက ပုဒ်မတွေ ထုတ် ပြော ဖမ်းဆီးပြီး ငွေညှစ်တောင်းတယ်။ ငွေရရင် ပြန်လွှတ်ပေးတယ်။ လုပ်ငန်းရှင်တွေဆိုရင် တစ်ဦးကို ငွေကျပ် သိန်းရာဂဏန်းအထိတောင်းပါတယ်။ ငွေပေးပြီး ပြန်လွတ်လာလို့ရှိရင်လည်း ဒါတွေကို မတိုင်ဖို့ ခြိမ်းခြောက်တယ်။ ဒီအချိန်မှာ PDF နဲ့ပတ်သက်တယ်ဆိုပြီး ရှင်းပစ်လိုက်လို့ရတယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီးလင်းနိုင်စိုးက နိုင်ငံ ရေးမှု၊ အကြမ်းဖက်မှု ပုဒ်မများဖြင့် အမှုဆင် ဖမ်းဆီးခံထားရသူများ၏ ကျန် ရစ်သူမိသားစုကို ငွေညှစ်သည့်အပြင် ငွေကြေးလက်အောင်ပစ္စည်းများ တောင်း ယူခြင်း၊ အခြားသော အခွင့်အရေးများစွာကို တောင်းယူခြင်းများလည်း ကျူးလွန်လျက်ရှိကြောင်း သိရှိရသည်။
“တချို့ နိုင်ငံရေး ဆက်နွယ်အမှုတွေက သူ့မှာ ပြန်လွှတ်ပေးနိုင်တဲ့ အခွင့်အာဏာမရှိဘဲ လုပ်စားနေလို့ မရှိ ရှိတာ ရှာဖွေ လာဘ် ထိုးရတာ။ ဒုတိုင်းမှူးက ငွေကြေးတံစိုး လက်အောက် ရသမျှ အကုန်တောင်းယူ၊ လက်ခံယူထားတာ။ ဖမ်းဆီးခံရတဲ့ သူတွေရဲ့ မိသားစုတွေကတော့ ကောက်ရိုးတစ်မျှင်အနေနဲ့ ဒုတိုင်းမှူးကြီးဆိုပြီး ကိုယ့်လူ သက်သာစေဖို့ မျက်နှာချိုသွေး တောင်းတာ အကုန်ပေးနေရတာ” ဟု လတ်တလော PDF ဆက်နွယ်မှုဖြင့် ဖမ်းဆီးခံထားရသော လူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။
မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး လင်းနိုင်စိုးသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၀ ကျောင်းဆင်းဖြစ်ပြီး လက်ရှိ နန်းတွင်းစစ်ကြောရေးကို ဦးဆောင်စစ်ဆေးခြင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၏ စစ်ဘက်ရေးရာ လုံခြုံရေး လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ-မန္တလေးတွင် လုံခြုံရေးထမ်းဆောင်သူများ ဂုဏ်ပြုချီးမြှင့်ပွဲတွင် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးလင်းနိုင်စိုးကို တွေ့ရစဉ်။
