နမခ ကာကင်းစခန်းတိုက်ခိုက်ချေမှုန်းခဲ့သည့် ​PDFများအား ပြည်သူများကြိုဆို

နမခ ကာကင်းစခန်းတိုက်ခိုက်ချေမှုန်းခဲ့သည့်
​PDFများအား ပြည်သူများကြိုဆို
ယောနသံ/People’s Spring

မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကာကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အထိနာအောင် တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ရဲဘော်များအား ဒေငခံ ပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြသည်။
နမခမြောက်ဘက် တစ်မိုင်ခန့်အကွာ ထီးတော် တင်ကျေးရွာရှိ အင်အား(၃၅)ဦးခန့်ရှိသော စစ်ကောင်စီတပ် ကာကင်းစခန်းကို ဇွန်လ ၁၁ရက် ညနေတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ခန့် သေဆုံးကာ၊ စစ်သုံ့ပန်း ငါးဦးကို အရှင်ဖမ်းမိခဲ့သည်။ ဖမ်းမိခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသည် ကျန်းမာရေးမကောင်းသလို အရက်ဖြတ်ထားသည့်နောက်ဆက်တွဲရောဂါဝေဒနာကြောင့် သေဆုံးသွားခဲ့သည်ဟု ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦးက ပြောသည်။
” ဆေးကုပေးခဲ့ပေမယ့် မရဘူး။ သူက နဂိုကတည်းကလည်း ကျန်းမာရေးမကောင်းဘူး။ ကျန်တဲ့သူတွေလည်း ဘာမှမပါလို့ ဖိနပ်ကအစ ဝယ်ပေးထားရတယ်ဗျ”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း MA(3) ၆လတ်၊ MA (3) ၂လတ်၊ MA (2) ၁လတ်၊ BA (၁၀၀)စိန်ပြောင်း ၁လတ်၊ ၆၀မမ ဗုံးသီး ၅လုံး၊ ၅.၅၆ကျည် 1330တောင့်၊ ၇၉မမ ဗုံးသီး ၂လုံး၊ ကျည်ဘောက် ၂၅ဘောက် တို့ သိမ်းဆည်းနိုင်ခဲ့သည်ဟု စစ်ဆင်ရေးကိုဦးဆောင်ခဲ့သည့် ULF စစ်ကြောင်းမှူးကပြောသည်။
ထို့အပြင် ဒဏ်ရာရခဲ့သည့်ပြည်သူကာကွယ်ရေးရဲဘော်နှစ်ဦးမှာလည်း စိုးရိမ်စရာမရှိကြောင်း ULF စစ်ကြောင်းမှူးက ဆိုသည်။
ULF စစ်ကြောင်းနှင့်အတူ ယင်းမာပင်မြို့နယ် တိုက်နယ်(၁၊၉၊၁၀)ပကဖများမှ ချိုမိုင်မိုင်၊ နဂါးညီနောင်အထူးတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး၊ B2 Fighter၊ CTLPDF၊ ထန်းတပင်၊ K2၊ ဒေါင်းလုလင်၊ သေမင်းတမန်၊ ဗျတ္တညီနောင်၊ ဗိုလ်ထွန်းတောက်၊ ဗိုလ်မုတ်ဆိတ်၊ SAF(ကျောင်းသားလက်ရုံးတပ်တော်)၊ ယင်းမာပင်ခရိုင် ဗျုဟာအမှတ် ၄၅ KLG PDF၊ B 21(ယင်းမာပင်ခရိုင်တပ်ရင်း ၁၇)၊ PDA (ယင်းမာပင်ခရိုင်တပ်ရင်း ၃၅)၊ AS Generation (မုံရွာခရိုင်တပ်ရင်း ၁၃)၊ ချင်းတွင်း Brother(Local)၊ ကနီမြို့နယ် တိုက်နယ် (၅) ပကဖ၊ ဘုတလင် Mobile Team၊ မုံရွာခရိုင်တပ်ရင်း ၁၄၊ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ တို့ပူးတွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲပြန် ပြည်သူ့ကာကွယ်ရေးရဲဘော် များကို ပြည်သူများက ကြိုဆိုခဲ့ကြခြင်း ဖြစ်သည်။
” အခုလို မြင်ရတော့ တော်လှန်ရေးကာလအစက ပြည်သူတွေထောင်သောင်းချီတဲ့ လူထုသပိတ် တွေကို မြင်ရသလို အားတက်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဓာတ်ပုံ – SAF(ကျောင်းသားလက်ရုံးတပ်တော်)