မန္တလေးမှာ စစ်အုပ်စုက နေအိမ်တွေထဲအထိ စီးနင်းဝင်ရောက်ပြီး VPN စစ်ဆေး၊

မန္တလေးမှာ စစ်အုပ်စုက နေအိမ်တွေထဲအထိ စီးနင်းဝင်ရောက်ပြီး VPN စစ်ဆေး၊
ထင်လင်း/MFP ၊ ဇွန်-၁၄

မန္တလေးမြို့ပေါ်နဲ့ ပုသိမ်ကြီး၊ အမရပူရစတဲ့ ခရိုင်အတွင်းမှာ စစ်အုပ်စုက နေအိမ်တွေထဲအထိ စီးနင်းဝင်ရောက်ပြီး VPN ဆော့ဝဲလ်တွေ အသုံးပြုမှု ရှိ၊မရှိ လိုက်လံစစ်ဆေးပြီး ဖမ်းဆီးငွေညှစ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ မန္တလေးမြို့တွင်း လမ်းသွားလမ်းလာတွေကို ပိတ်ဆို့တားဆီးကာ စစ်အုပ်စုက VPN အသုံးပြုခြင်း ရှိ၊မရှိ လက်ကိုင်ဖုန်းတွေကို စစ်ဆေးသလို မနေ့က ညပိုင်း မန္တလေး၊ အမရပုရနဲ့ ပုသိမ်ကြီးမြို့နယ်ထဲ နေအိမ်တွေအထိ ဝင်ရောက်ပြီး စစ်ဆေးကာ ငွေညှစ်နေတယ်လို့ ဆိုပါတယ်။
“VPN စစ်တယ်။ မနေ့ မနက်က (၁၉)လမ်းဘက်မှာ စစ်တာ။ တွေ့ရင် တစ်သိန်းတဲ့၊ ပြီးတော့ ပုသိမ်ကြီးထဲက ဥယျာဥ်လေးရွာ ဘက်လည်း တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်တယ်ပြောတယ်”လို့ ပုသိမ်ကြီးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
အမရပူရမှာလည်း မနေ့က နေအိမ်တွေအထိ ဝင်ရောက်စစ်ဆေးနေတာကြောင့် စိုးရိမ်နေကြတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
“အိမ်ထဲထိ VPN ဝင်စစ်နေတယ်၊ တောင်မြို့ဘက် “လို့ အမရပူရမြို့ခံ တစ်ဦးက ပြောပါတယ်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ထဲမှာလည်း စစ်အုပ်စုက နေအိမ်ထဲအထိ ဝင်ရောက်ကာ VPN စစ်ဆေး နေတယ်လို့ မန္တလေးမြေပြင်ကင်းထောက် VOMdy က ဇွန်(၁၃)ရက် ညပိုင်းမှာ ဖော်ပြပါတယ်။
“ချမ်းအေးသာစံမြို့နယ် (၉၁)လမ်း အနောက်ကမ်းဘက်၊ (၃၂)လမ်းနဲ့ (၃၃)လမ်းကြား၊ လက်ရွေးရပ်ကွက်တွင် စခ အင်အား ခန့်မှန်း(၁၀)ယောက်လောက်ဖြင့် အိမ်ထဲထိ ဝင်ရောက်ကာ VPN ဖုန်းထဲ ရှိ၊မရှိ ဝင်ရောက် စစ်ဆေးနေကြောင်း သိရှိရသည်”လို့ VoMdy က ဖော်ပြပါတယ်။
VPN အသုံးပြုသူ တွေ့ရှိပါက ငွေကျပ် သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ စစ်အုပ်စုက ငွေညှစ်ပြီး ဖမ်းဆီး အရေးယူတာမျိုးတော့ မကြားရသေးဘူးလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
“VPN နဲ့ ပတ်သတ်ပြီး ခြိမ်းခြောက်ငွေညှစ်၊ အနိုင်ကျင့်လို့ ပြည်သူတွေ စိတ်သောက ရောက်နေရတာ မြင်ရတာ လွန်စွာ စိတ်မကောင်း ဖြစ်မိပါတယ်၊ သို့ပေမယ့် စကစ အနေနဲ့ ပြည်သူကို အာရုံလွဲခြင်း တစ်မျိုးလို့ ယူဆပါတယ်၊ လက်ရှိ စစ်သား စုဆောင်းရေးကို အာရုံလွှဲနေတာလို့လည်း ယူဆပါတယ်၊ စကစရဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ကနေ VPN တွေကို ပိတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်လို့ နောက်ထပ် ခြေတစ်လှမ်းလို့လည်း ပြောလို့ရပါတယ်”လို့ မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ ဖြစ်တဲ့ No More Dictatorship ( NMD-MDY) ရဲ့ တာဝန်ရှိသူ တစ်ဦးက သုံးပါတယ်။
မန္တလေးမှာ စစ်အုပ်စုက VPN စစ်ဆေးနေကြောင်း လူမှုကွန်ယက်မှာ သတင်းစကား မျှဝေတဲ့ အမျိုးသမီးကိုလည်း စစ်အုပ်စုက ဇွန်(၁၂)ရက်မှာ အနိုင်ကျင့် ဖမ်းဆီးခဲ့ပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ဖေ့စ်ဘွတ်ခ် အသုံးပြုခွင့် ကန့်သတ် ပိတ်ပင်ခဲ့ရာက ဒေသခံပြည်သူတွေ အနေနဲ့ VPN ဆော့ဝဲလ်တွေ အသုံးပြုကာ ဖေ့စ်ဘွတ် သုံးစွဲနေရတာ ဖြစ်ပါတယ်။
မန္တလေးမှာ လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – CJ
#Mandalay_Free_Press_MFP