ငလျင်ဘေးသင့်ပြည်သူများ စားသုံးဖို့ ဖြန့်ဖြူးထားသည့် ဘီစကွတ်များကို ရောင်းချပါက အရေးယူမည်ဟု ကုလ ထုတ်ပြန်
ဧပြီ ၂၅၊ ၂၀၂၅

In the photo: WFP Country Director for Myanmar, Michael Dunford, hands out boxes of fortified biscuits to earthquake survivors in Seinpan ward, Mandalay city on 1st April 2025.

In the photo: WFP’s emergency food assistance reaches earthquake survivors in Pyinmana in the immediate aftermath of devastating earthquake in Myanmar.

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ငလျင်ဘေးသင့်ပြည်သူတွေ စားသုံးဖို့ ဖြန့်ဖြူးပေးထားတဲ့ ဘီစကွတ်တွေကို ရောင်းချရင် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ United Nations Myanmar က အသိပေးထုတ်ပြန်ပါတယ်။
WFP ရဲ့ အာဟာရဖြည့်ဘီစကွတ်တွေအကြောင်း ရှင်းပြထားတဲ့ ကြေညာချက်အတွင်း ဘီစကွတ်တွေကို စျေးကွက်အတွင်း ပြန်လည်ရောင်းချရင် အရေးယူမယ်လို့ တစ်ပါတည်း ထည့်သွင်းကြေညာ သတိပေးထားတာ ဖြစ်ပါတယ်။
“လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပြန်လည်ရောင်းချဖို့ မသင့်ပါဘူး။ WFP အနေနဲ့ ပုံမှန် လေ့လာစောင့်ကြည့်နေသလို၊ ရောင်းချတာတွေ့ရင်လည်း ချက်ချင်းအရေးယူဆောင်ရွက်သွားမှာပါ။ WFP ရဲ့အထောက်အပံ့တွေက အမြဲတမ်း အခမဲ့ဖြစ်ပါတယ်“ လို့ ဖော်ပြထားပါတယ်။
WFP ဘီစကွတ်တွေဟာ ရိုးရိုးဘီစကွတ် မဟုတ်ဘဲ လတ်တလောဖြစ်ခဲ့တဲ့ ငလျင်ဘေးလို အရေးပေါ်အခြေအနေမျိုးမှာ ချက်ချင်းစားသုံးနိုင်ဖို့ထုတ်လုပ်ထားတဲ့ အထူးအာဟာရဖြည့် အစားအစာတစ်မျိုး ဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။
“နေပြည်တော်မှာ WFP အာဟာရဖြည့်ဘီစကွတ်တွေ ရောင်းချနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးနေကြတာ WFP က သိရှိထားပြီး ဖြစ်ပါတယ်။ အဲ့ဒီလိုရေးသားချက်တွေမှာ သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရပါဘူး။ နေပြည်တော်မှာ အာဟာရဖြည့်ဘီစကွတ်တွေကို ဧပြီလ ၁ ရက်နေ့က နောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပါတယ်” လို့ United Nations Myanmar ကဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက WFP ဖြန့်ဝေပေးတဲ့ ဘီစကွတ်တွေကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေပြည်တော်မှာ ပြန်လည်ရောင်းချမှုတွေ ရှိခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ဟာ ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီအတွင်းမှာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် အာဟာရဖြည့် ဘီစကွတ်တွေ စတင်ဖြန့်ဝေခဲ့တယ်လို့လည်း ဆိုပါတယ်။