နဂါးကြီးကြောင့် ငလျင်လှုပ်သည်ဟုမိုင်းဖုန်းဆရာတော်ဟောပြောမှု ငလျင်ကြိုတင်ကာကွယ်ရေးအတွက်အန္တရာယ်ကြီး
အိမ်သွင်/People’s Spring
စစ်ကိုင်းငလျင်ကြီးသည် ကမ္ဘာမြေကြီးအောက်မှ မိုင်ပေါင်း ၃၀၀၀ ကျော်ရှည်သော နဂါးကြီးက လှန်လိုက်ခြင်းကြောင့်လှုပ်ခြင်းဖြစ်ကြောင်း မိုင်းဖုန်းဆရာတော်၏ ဟောပြောမှုသည် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက်အယူလွဲမှားစေနိုင်ကာအန္တရာယ်ကြီးမားပြီး ဘာသာရေးအရဂျင်းထည့်ခြင်းဟု ဘူမိဗေဒပညာရှင်များနှင့် လူမှုရေးအဖွဲ့များက ဝေဖန်ကြသည်။
ငလျင်ဒဏ်သင့်ဒေသများအတွက်မေတ္တာပို့ကူညီထောက်ပံ့ခြင်းအလှူခရီးစဉ်ဟုခေါင်းစဉ်ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိနေသည့် မိုင်းဖုန်းဆရာတော်က တရားပွဲတစ်ခုတွင်ထိုကဲ့သို့ဟောပြောခဲ့ခြင်းဖြစ်သည်။
“နဂါးအရှည်က မိုင်ပေါင်း ၃၀၀၀ကျော်တယ်။ လှန်လိုက်တော့ မြေငလျင်လှုပ်သွားတယ်”ဟုမိုင်းဖုန်းဆရာတော်က ဘာသာပြန်ဘုန်းကြီးတစ်ပါးမှတဆင့် ဟောသည်။
တရားနာသူများထံမှလည်းအံ့ဩသည့်ပုံစံဖြင့် အာမေဒိတ်သံထွက်လာကြသည်။ယုံကြည်ကိုးကွယ်သူအများအပြားရှိနေသော မိုင်းဖုန်းဆရာတော်ကဲ့သို့ပုဂ္ဂိုလ်က မဟုတ်မမှန်သောအကြောင်းကို ထိုသို့ ဟောပြောခြင်းက ငလျင်ဘေးအန္တရာယ်ရှိနေသော မြန်မာနိုင်ငံတွင်သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် အန္တရာယ်ကြီးမားစေသည်ဟု ဘူမိဗေဒပညာရှင်တစ်ဦးကပြောသည်။
“ပြတ်ရွေ့ကြောင့်မြေကြီးကသဘာဝအတိုင်းလှုပ်ခါတာကိုနဂါးကလှန်လို့လှုပ်တယ်ပြောတာက တော်တော်ကိုအန္တရာယ်ကြီးပါတယ်။ ဒါဟာ ပေါ့တန်တန် သဘောထားလို့မရဘူး” ဟု အဆိုပါဘူမိပညာရှင်က ပြောသည်။
မြန်မာနိုင်ငံမြေကလျင်ကော်မတီဝင်တစ်ဦးကလည်း”ခက်ပါတယ်ဗျာ။ဒီလိုဟောတာပြောတာတွေက သဘာဝ ဘေးကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ရင်ဆိုင်ရေးအပိုင်းတွေမှာ ရေလိုက်လွဲသွားနိုင်ပါတယ်။ ငလျင်က ငလျင်ပါ။ ဘာနဂါးနဲ့မှမဆိုင်ပါဘူး။ လူထုအနေနဲ့ကငလျင်ဘေးကိုအမြဲတစေ သတိပြုနေထိုင်ရပါမယ်”ဟုပြောသည်။
မိုင်းဖုန်းဆရာတော်ပြောသည်ကို၎င်းအားကိုးကွယ်ထောက်ခံသူများကယုံကြည်သွားလျင် မြေငလျင်ကို သဘာဝဘေးအဖြစ်မမြင်တော့ဘဲ ကြိုတင်ကာကွယ်ရေးအစီအမံများကို လိုက်ပါဆောင်ရွက်ခြင်းမရှိပါက အမှန်တကယ်ငလျင်လှုပ်ရှားချိန်တွင် ထိခိုက်ဆုံးရှုံးမှုများပြားနိုင်ကြောင်း ဘူမီပညာရှင်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
မတ်၂၈ရက်ကလှုပ်သောရစ်ချ်တာစကေး ၇ဒသမ ၇ ရှိသောဖျက်အားပြင်း စစ်ကိုင်းငလျင်သည် မြန်မာနိုင်ငံအထက်ပိုင်းမှအောက်ပိုင်းအထိ ကီလိုမီတာ ၁၂၀၀ ကျော်(မိုင် ၇၀၀ကျော်) ရှည်လျားသောစစ်ကိုင်းပြတ်ရွေ့၏ အလယ်ပိုင်းမှ မန္တလေးနှင့် စစ်ကိုင်းမြို့ကိုဗဟိုပြုလှုပ်ခြင်းဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များနှင့် မြေငလျင်ကော်မတီက ထုတ်ပြန်ထားသည်။
အိန္ဒိယကျောက်ထုချပ်နှင့်ယူရေးရှားကျောက်လွှာချက်တွေဆုံရာ တောင်မြောက်ဦးတည်နေသော စစ်ကိုင်းပြတ်ရွေ့တလျှောက် ဘေးတိုက်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်သည့်ငလျင်ဟု အမေရိကန်ဘူမိတိုင်းတာရေးဌာန(USGS)ကသုံးသပ်ထားသည်။
ငလျင်ကြောင့် ဖြစ်ပေါ်သည့် မြေပြင်အက်ကြောင်းသည်အရှည် ၅၅၀ကီလိုမီတာ (၃၄၂ မိုင်) အထိ ရှိပြီးမှတ်တမ်းတင်နိုင်သမျှ မြေပြင်အက်ကြောင်းများထဲတွင် အရှည်ဆုံးဟုအမေရိကန် အာကာသအေဂျင်စီ (NASA) က ထုတ်ပြန်ထားသည်။စစ်ကိုင်းပြတ်ရွေကြောတလျှောက်တွင်၃မီတာ(၁၀ပေ ကျော်) မြေရွဲ့စောင်းသွားပြီးတချို့နေရာများတွင် ၆ မီတာကျော်(ပေ ၂၀ ကျော်)အထိ မြေရွဲ့စောင်းသွားသည်ဟု NASAက ထုတ်ပြန်သည်။
ငလျင်အက်ကွဲကြောင်းတစ်လျှောက်ကိုTSBM – The Spirit of Brotherhood Missionက မြေပြင်ကွင်းဆင်းပြီးမှတ်တမ်းရယူနေသည်။
“အက်ကွဲကြောင်းကိုလိုက်ကြည့်တဲ့သူတွေသတိထားနော်။ နဂါးနဲ့တိုးနေမယ်”ဟုမိုင်းဖုန်းဆရာတော်ဟောပြောမှုအပေါ်လူငယ်တစ်ဦးကအရွန်းဖောက်သည်။
ရန်ကုန်မြို့ခံတစ်ဦးကလည်း “ဒီ တော်လှန်ရေးက အာဏာရှင်တင်မကဘူး။ဓါတ်ရူးနတ်ရူးတွေပါအကုန် ထောင်ထဲဖမ်းထဲ့ပြီးလူလိုတွေးတတ်အောင် စာကျက်ခိုင်းရမယ်”ဟုပြောသည်။
အင်အားပြင်းငလျင်များသည်ဗဟိုပြုသည့်နေရာပတ်ဝန်းကျင်၌ နှစ် ၈၀ မှ ၁၀၀ကြားတွင် တစ်ကြိမ်ပြန်တဲ့လှုပ်ရှားလေ့ရှိပြီးစစ်ကိုင်းပြတ်ရွေ့၏ပဲခူးပိုင်းသည်အင်အားပြင်းငလျင်လှုပ်နိုင်ခြေရှိကြောင်းနှင့် လှုပ်ရှားပါက အထက်မြင့်အဆောက်အအုံများပြားသည့် ရန်ကုန်မြို့သည်အန္တရာယ်ရှိကြောင်း ဘူမိဗေဒပညာရှင်များကနှစ်ပေါင်းများစွာကတည်းကသတိပေးထားသည်။ စစ်ကိုင်းပြတ် ရွေ့၏ပဲခူးပိုင်းသည် ၁၉၃၀ ခုနှစ်က အင်အားပြင်းကလည်းလှုပ်ခဲ့ပြီး ရန်ကုန်မြို့တွင်လည်း ထိခိုက်ပျက်စီးမှုများခဲ့သည်။ယင်းပြတ်ရွေသည်အင်အားပြင်းအဆင့်ဖြင့်မလှုပ်သည်မှာ ၉၅ နှစ်ရှိနေပြီဖြစ်သည်။
ငလျင်အန္တရာယ်ကြိုတင်ကာကွယ်ရေးများ စနစ်တကျလုပ်ဆောင်ရန်လိုအပ်နေသည့်ကာလ၌ မိုင်းဖုန်းဆရာတော်မိန့်ကြားသကဲ့သို့ယုတ္တိမရှိသော ဟောပြောမှုများက လူထုအတွက်အန္တရာယ်ကြီးမားစေသည်ဟု ရန်ကုန်မြို့မှ အရပ်ဖက်လူမှုကူညီဆောင်ရွက်သူတစ်ဦးကပြောသည်။
မိုင်းဖုန်းဆရာတော်သည် စစ်တပ်အသိုင်းအဝိုင်းတွင်ကိုးကွယ်မှုများပြီး စစ်ခေါင်းဆောင်ကလည်း ကိုးကွယ်ယုံကြည်သည့်ဘုန်းကြီးဖြစ်သည်။ ၎င်းသည် ဧပြီ ၂၂ ရက်ညကလည်းအာဏာသိမ်ခေါင်းဆောင်တည်ထားသည့်နေပြည်တော်ရှိမာရဝိဇယဘုရားအား သွားရောက်ဖူးမြော်ခဲ့သည်။
“မိုင်ပေါင်း ၃၀၀၀ ရှည်တဲ့ နဂါးကြီးကလှန်လိုက်လို့ ငလျင်လှုပ်တာတဲ့။ ပြီးတော့ အကုသိုလ်ရှိတဲ့သူတွေသေကြေ ၊ ပျက်စီးကြတာတဲ့။ ဒီပိုစ့်တင်ရတာဟာ မှားယွင်းတဲ့ အယူအဆတွေ ဟောပြောနေလို့ပါ။ လူမျိုးရေးနဲ့ သက်ဆိုင်ခြင်းမရှိပါ” ဟု ဗုဒ္ဓဝိဟာရဆရာတော် (သြစတြေးလျ)ကလည်းမိုင်းဖုန်းဆရာတော်၏ ဟောပြောမှုရုပ်သံမှတ်တမ်းကိုမျှဝေ၍ ရေးသားမိန့်ကြားထားသည်။
#ludunwayoo #လူထုနွေဦး #NewsUpdate