ပြည်သူအပေါ် အနစ်နာခံမှု နှင့် နိုင်ငံရေး ဦးဆောင်မှုပေးနေသော ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ်
ရန်ကုန်၊ ဧပြီ ၂၄
ပြည်သူအပေါ် အနစ်နာခံမှု၊ မေတ္တာတရားနှင့် နိုင်ငံရေး ဦးဆောင်မှုပေးနေသော ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ်လိုက်ကြောင်း ပြည်သူဂုဏ်ရည်အသင်းက သတင်းထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဂုဏ်ပြုသူအဖြစ် အကျဉ်းကျခံနေရသော ပြည်သူ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဘဝတစ်လျောက်လုံး မြန်မာနိုင်ငံ နှင့် ပြည်သူများအပေါ် ထားရှိသော အနစ်နာခံမှု၊ မေတ္တာတရားနှင့် နိုင်ငံရေး ဦးဆောင်မှုများအပေါ် ကျေးဇူးတင်စကားဆိုခြင်းနှင့် အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေ သည့် စိတ်ခွန်အားများကို ဦးညွှတ် ဂုဏ်ပြုခြင်းလည်း ဖြစ်ကြောင်း အသိပေးထားသည်။
မတရားဖမ်းဆီး ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား များ နှင့်အတူ တစ်မျိုးသားလုံး စစ်ကျွန်ဘဝ လွတ်မြောက်ရေးအတွက် ပြည်သူ့ဂုဏ်ရည် အသင်းကြီး က ဆက်လက် အားစိုက် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းက သတင်းထုတ်ပြန်ထားသည်။
“ဒေါ်အောင်ဆန်းစုကြည်က လူတကာ အော်ကြောလန်စစ်တပ်ကို လမ်းမှန်ပေါ် ပြန်ရောက်အောင် ကြိုးစားခဲ့တဲ့သူပါ”
ပြည်သူ့ဂုဏ်ရည်အသင်း ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝဏ္ဏနဲ့မေးမြန်းခန်း
ဧပြီ ၂၄၊ ၂၀၂၅။ သော်မွန်/People’s Spring
အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းဟာ ၂၀၂၅ခုနှစ် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုအဖြစ် လက်ရှိ နိုင်ငံရေးအကျဥ်းသား၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ပေးအပ်မယ်လို့ ဧပြီ ၂၂ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲအခမ်းအနားကို လာမယ့် မေလ ၂၄ရက်မှာ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပသွားဖို့ စီစဥ်ထားပါတယ်။ ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုဖြစ်ပေါ်လာပုံ၊ ပြည်သူ့ဂုဏ်ရည်ဆုတွေ ဘယ်လိုရွေးချယ်ကြလဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ရွေးချယ်ပေးအပ်ရသလဲ စတဲ့အကြောင်းအရာတွေကို People’s Spring က ပြည်သူ့ဂုဏ်ရည်အသင်း ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝဏ္ဏကို ဆက်သွယ်မေးမြန်းထားပါတယ်။ ပြည်သူ့ဂုဏ်ရည်အသင်းဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ နွေဦးတော်လှန်ရေးပြည်သူတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ နွေဦးတော်လှန်ရေးအတွင်း လူငယ်တွေရဲ့ တီထွင်ဖန်တီးမှုတွေကို ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုတွေအဖြစ် ရွေးချယ်ပေးအပ်ခဲ့ပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate