ဘိလပ်မြေ၊ သံ၊ ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် လျှပ်စစ်ကားတင်သွင်းခွင့် ပါမစ်များကို မင်းအောင်လှိုင်သား၊ သမီးနှင့် မိတ်ဘက် စီးပွားရေးသမားများက အခွင့်ထူးခံ ရရှိပြီး ပါမစ်သီးသန့် အရောင်းအဝယ်စျေးကွက်ကြီး ဖြစ်ထွန်းနေ

by

in

ဘိလပ်မြေ၊ သံ၊ ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် လျှပ်စစ်ကားတင်သွင်းခွင့် ပါမစ်များကို မင်းအောင်လှိုင်သား၊ သမီးနှင့် မိတ်ဘက် စီးပွားရေးသမားများက အခွင့်ထူးခံ ရရှိပြီး ပါမစ်သီးသန့် အရောင်းအဝယ်စျေးကွက်ကြီး ဖြစ်ထွန်းနေ
ရန်ကုန်၊ ဧပြီ ၂၄
အကြမ်းဖက် စစ်ကောင်စီက မြန်မာနိုင်ငံတွင်းသို့ သွင်းကုန်များ တင်သွင်းမှုကို လုံး၀ ထိန်းချုပ်လိုက်ပြီးနောက် ဘိလပ်မြေ၊ သံ၊ ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် ကားတင်သွင်းခွင့် ပါမစ်များကို မင်းအောင်လှိုင်သားအောင်ပြည့်စုံ၊ သမီးခင်သီရိသက်မွန်နှင့် မိတ်ဘက် စီးပွားရေးသမားများက အခွင့်ထူးခံရရှိပြီး ပါမစ်သီးသန့် အရောင်းအဝယ်စျေးကွက်ကြီး ဖြစ်ထွန်းနေကြောင်း UMFCCI မှ စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။
စစ်ကောင်စီက ပြည်ပနိုင်ငံခြားငွေ သုံးစွဲမှု မှန်သမျှကို ကန့်သတ်ပိတ်ပင်လိုက်ပြီးနောက် သွင်းကုန်တင်သွင်းမှုများအားလုံးကိုလည်း ပိတ်ပင်ထားကြောင်း၊ သွင်းကုန်တင်သွင်းသူများအနေဖြင့် စစ်ကောင်စီက ဖွဲ့စည်းထားသော နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီထံမှ ခွင့်ပြုချက်မရှိဘဲ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် သွင်းကုန်လိုင်စင် လျှောက်ထား၍ မရကြောင်း၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကလည်း သွင်းကုန်တင်သွင်းခွင့်ပြုမိန့်များကို မင်းအောင်လှိုင်သား၊ သမီးနှင့် မိတ်ဘက်စီးပွားရေးသမားများ၊ ဗိုလ်ချုပ်အသိုင်းအ၀ိုင်းနှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကိုသာ ချထားပေးကြောင်း သိရှိရသည်။
“အခု ငလျင်ဖြစ်တော့ ဘိလပ်မြေသွင်းကုန်ပါမစ်၊ သံပါမစ်နဲ့ ဆောက်လုပ်ရေးသုံးပစ္စည်း တင်သွင်းခွင့် ပါမစ်တွေ အရမ်းလိုနေတယ်။ သွင်းကုန်သွင်းဖို့ကလည်း ဗိုလ်ချုပ်ကြီး မြထွန်းဦး ဥက္ကဋ္ဌ လုပ်တဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီရဲ့ ထောက်ခံချက်လိုတယ်။ အဲဒါကလည်း ရဖို့ မလွယ်ဘူး။ တပ်ချုပ်သားနဲ့သမီးအဖွဲ့ကတော့ ပါမစ်တွေ လိုသလောက်ရတယ်။ စီးပွားရေးသမားတွေက ကိုယ်တိုင် သွင်းကုန်ပါမစ်ရဖို့ ခက်တော့ တပ်ချုပ်သားနဲ့အဖွဲ့ဆီက ဝယ်ရတယ်။ နောက်ပြီး အခြားဗိုလ်ချုပ်အသိုင်းအ၀ိုင်းဆီက ဝယ်ရတယ်။ ဦးပိုင်နဲ့ MEC ဆီကနေ ပါမစ်ရအောင် လုပ်ရတယ်။ ပါမစ်အရောင်းအဝယ်စျေးကွက်ပြန်ဖြစ်နေတယ်” ဟု UMFCCI မှ စီးပွားရေးအသိုင်းအ၀ိုင်းက ရှင်းပြသည်။
စစ်အာဏာရှင်ဟောင်း သန်းရွှေ လက်ထက်ကလည်း သွင်းကုန်ပါမစ် အရောင်းအဝယ်စျေးကွက်ကြီးဖြစ်ထွန်းခဲ့ပြီး စစ်တပ်နှင့်ပတ်သက်သူများကသာ သွင်းကုန်ပါမစ်များရရှိကြောင်း၊ အဆိုပါ စစ်တပ်အသိုင်းအ၀ိုင်းထံမှ သွင်းကုန်ပါမစ်များကို စီးပွား ရေးသမားများက ပြန်လည် ဝယ်ယူရကြောင်း၊ ယခုအခါတွင်လည်း ပါမစ် ဝယ်ယူရသည့်ခေတ် တကျော့ပြန်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
မင်းအောင်လှိုင်သား အောင်ပြည့်စုံနှင့် ၎င်း၏ စီးပွားရေးတာဝန်ခံ ဒေါက်တာမောင်မောင်နိုင်၊ ဒေါက်တာမောင်မောင်လတ်ကဲ့သို့သော စီးပွားရေးလက်ဝေခံများ၊ ခင်သီရိသက်မွန်က နိုင်ဖြိုးကျော် ၊ ဝေမင်းမောင်ကဲ့သို့သော စီးပွားရေးလက်ဝေခံများကို ထားရှိကာ မြန်မာနိုင်ငံရှိ လုပ်ငန်းမျိုးစုံကို လုပ်ကိုင်ပြီး လုပ်ပိုင်ခွင့်များစွာရရှိနေကြ ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဧပြီလ ၁၁ ရက်နေ့ မင်းအောင်လှိုင် မိသားစုက တောင်ကြီး ရွှေဘုန်းပွင်းစေတီ ထီးတင်ပွဲ တက်ရောက်ခဲ့စဉ်။