ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၊ လမ်းလျှောက်သင်္ကြန် သွားရောက်လည်ပတ်သည့် လူငယ်တချို့ ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီး

by

in

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၊ လမ်းလျှောက်သင်္ကြန် သွားရောက်လည်ပတ်သည့် လူငယ်တချို့ ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီး
ရန်ကုန်၊ ဧပြီ ၁၆
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်နေသော လမ်းလျှောက်သင်္ကြန်သို့ သွားရောက်လည်ပတ်ခဲ့သည့် လူငယ် ၃ ဦးကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသည့် လူငယ် ၃ ဦး၏ မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။
ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်မှတ်တိုင်၊ အဆင့်မြင့် ၅ ရပ်ကွက်၊ သီရိဇေယျလမ်း၊ အဆောင်တစ်ခုတွင် ငှားရမ်းနေထိုင်ကြသော စစ်မှုဇုန် အလုပ်သမားများဖြစ်ကြသည့် အသက် ၂၇ နှစ်အရွယ် ကိုဖြိုးကိုဇင်နှင့် သူငယ်ချင်း ၂ ဦးသည် ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်သို့ သွားရောက် လည်ပတ်ကြောင်း၊ ထိုသို့ သွားရောက်လည်ပတ်စဉ် အရက်သောက်ထားသည့်အတွက် လူငယ်တချို့ဖြင့် ခိုက်ရန် ဖြစ်ပွားရာမှ ဖမ်းဆီးခံရကြောင်း၊ ဖမ်းဆီးခံရသော ကိုဖြိုးကိုဇင်နှင့်သူငယ်ချင်း ၂ ဦးကို အရပ်ဝတ်ဖြင့် လူတချို့က ဖမ်းဆီးသွားပြီး ရွှေပြည်သာ စစ်သားစုဆောင်းရေးသို့ ပို့ဆောင်ခံလိုက်ရကြောင်း သိရှိရသည်။
“ပြည်သူ့ရင်ပြင် ရေကူးကန်မှာ သူတို့ နည်းနည်းမူးတော့ အခြားလူငယ်အုပ်စုနဲ့ တိုက်မိပြီး ရန်ဖြစ်တယ်။ အဲဒါ သူတို့ ရင်ပြင်က ပြန်အထွက်မှာ ညီလေးတို့ ခဏလိုက်ခဲ့ဦးဆိုပြီး အရပ်ဝတ်တွေနဲ့ သူတို့ကို ကားပေါ်တင်သွားတာ။ စစ်မှုထမ်းရမယ် ပြောတယ်။ စစ်မှုမထမ်းရင် မူးယစ်ရမ်း ကားမှု၊ ရန်ဖြစ်မှုနဲ့ အမှုဖွင့် ထောင်ချခံရမယ် ပြောတယ်။ စစ်မှုထမ်းဖို့ သဘောတူကြောင်း လက်မှတ်ထိုးခိုင်းတယ်။ အခု ရွှေပြည်သာ စစ်သားစုဆောင်းရေးတပ်မှာလို့ ပြောတယ်။ အဲဒါ သူတို့အဆောင်က အဝတ်အစားတွေ လာပို့ခိုင်းတယ်” ဟု ဖမ်းဆီးခံရသူ ကိုဖြိုးကိုဇင်၏ မိတ်ဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကိုဖြိုးကိုဇင်နှင့်သူငယ်ချင်း ၂ ဦးမှာ မကွေးတိုင်းမှ ဖြစ်ပြီး လှိုင်သာယာစက်မှုဇုန်ရှိ ဆန်အချောထည် ထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသူများဖြစ်ကြောင်း၊ ၃ ဦးစလုံးမှာ လူပျိုလူလွတ်များဖြစ်ပြီး မိဘများထံသို့ ငွေကြေးထောက်ပံ့နေသူများဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံထားရသော ကိုဖြိုးကိုဇင်နှင့်သူငယ်ချင်း ၂ ဦးကို ယခု သင်္ကြန်အပြီး စစ်မှုထမ်းသင်တန်းသို့ တက်ရောက်ရမည်ဟု ပြောဆိုပြီး စစ်မှုထမ်းသင်တန်းတက်နေစဉ်အတွင်း တစ်လလျှင် ငွေကျပ် ၂ သိန်းနီးပါး လစာအဖြစ်ရရှိမည်ဖြစ်ပြီး သင်တန်းဆင်းလာပါက စစ်သားအဖြစ် လစာနှင့်ရိက္ခာအပြည့်ရရှိမည်ဟု ဖမ်းဆီးခဲ့သူ အရပ်ဝတ်စစ်သားတချို့က ပြောဆိုခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ယခုဧပြီလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် စစ်သားစုဆောင်းခြင်းနှင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများကို လုပ်ဆောင်နေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။
ဓာတ်ပုံ- သင်္ကြန်အကျနေ့ ပြည်သူ့ရင်ပြင် ရေကူးကန် သင်္ကြန်မြင်ကွင်း။
Photo- CJ ။