မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေးတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သော တိုက်တချို့ပြိုကျပြီး မိတ္တီလာတွင်လည်း မြေပြိုမှုတချို့ ဖြစ်ပွား (ရုပ်/သံ)
ရန်ကုန်၊ ဧပြီ ၁၆
ယမန်နေ့ ညနေပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေးတွင် ငလျင်ဒဏ်ကြောင့် တိမ်းစောင်းထိခိုက်ပျက်စီးခဲ့သော တိုက်တချို့ ပြိုကျပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း မန္တလေးဒေသပြည်သူတချို့၏ ပြောဆိုချက်နှင့် လူမှုကွန်ရက်တွင် မျှဝေထားသော တိုက်ပြိုကျမှု ဗီဒီယိုများအရ သိရှိရသည်။
ယမန်နေ့ သင်္ကြန်အကျနေ့ ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီအချိန်မှစတင်၍ မိုးများ ရွာသွန်းခဲ့ရာ မန္တလေးမြို့ရှိ တိုက်တချို့ ပြိုကျပျက်စီးခဲ့ကြောင်း၊ မန္တလေးမြို့ ၂၆လမ်း၊ ၈၀×၈၁ လမ်းရှိ ၃ ထပ် Fine Store အဆောက်အအုံမှာ ငလျင်ဒဏ်ကြောင့် တိမ်းစောင်း ခဲ့ရာမှ ယမန်နေ့ညနေ မိုးရွာသွန်းချိန်တွင် လုံး၀ ပြိုကျသွားခဲ့ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ည ၁၀ နာရီ ၁၀ မိနစ်တွင်လည်း မန္တလေး အကွက် ၂၅၉ ပဲဝင်းရပ်၊ ၈၇ လမ်းနှင့် ၃၁ လမ်း၊ ၃၂ လမ်း အကြားရှိ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော ၃ထပ်ခွဲတိုက်မှာလည်း ပြိုကျပျက်စီးခဲ့ကြောင်း၊ မန္တလေးရှိ တိုက်ပြိုမှု ၂ ခုစလုံးတွင် လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“တိုက်တွေတင်ပြိုတာမဟုတ်ပါဘူး။ စျေးချိုနားက ငလျင်ဒဏ်ကြောင့် ထိခိုက်ထားတဲ့ တိုက်တချို့ က မိုးရွာချိန်မှာ မပြိုပေမယ့် စောင်းတာတွေ ယိုင်တာတွေရှိတယ်လို့ ပတ်ဝန်းကျင်က သတင်းပေးလာတာတွေရှိတယ်။ မိုးရွာချိန်မှာ ငလျင်ဒဏ်ထိထားတဲ့ တိုက်တွေနားမကပ်ဖို့ သတိပေးနေရတယ်။ မနေ့က မိုးတွေရွာတော့ ငလျင်ဘေးရှောင်တဲ့ ဒုက္ခသည်တွေလည်း တဲတွေနဲ့ နေမရတော့ဘူး” ဟု မန္တလေးမှ ငလျင်ဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ ပရဟိတအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဖေ့ဘုတ်စ် လူမှုကွန်ရက် မက်ဆင်ဂျာမှတစ်ဆင့် ပြောဆိုသည်။
ထို့အတူ ယမန်နေ့ ညနေပိုင်း မိုးရွာသွန်းမှုကြောင့် မိတ္တီလာတွင် ငလျင်ဒဏ်ကြောင်း လမ်းမြေသား ပြိုကျနေသော
မိတ္တီလာ ကန်ဘောင်လမ်းမှာလည်း ဖို့မြေများ ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း၊ မူလ ပြိုကျနေသော မြေသားများကို ပြန်လည် ပြုပြင်ရန် ဖို့ထားသော မြေသားများ ပြိုကျခြင်းဖြစ်ကြောင်း၊ မိုးများစွာ ရွာသွန်းလျင် ကန်ဘောင်လမ်း၏ ပြိုကျနေသော နေရာများမှာ ဆက်လက် မြေပြိုနိုင်သည့် အန္တရာယ်ရှိကြောင်း မိတ္တီလာဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
■Photo News
မိုးရွာပြီးမန္တလေးမှာတိုက်တစ်လုံးထပ်ပြို
-People’s Spring .
စစ်ကိုင်းငလျင်ဘေးအဆိုးဆုံးခံခဲ့ရတဲ့ မန္တလေးမြို့မှာယနေ့ (ဧပြီလ ၁၅ရက်)ညနေပိုင်းမိုးသည်ထန်စွာရွာပြီးနောက် တိုက်တစ်လုံးထပ်မံပြိုခဲ့ပါတယ်။
မန္တလေးမြို့၊၈၇လမ်း၊ ၃၁-၃၂ကြားက၃ထပ်ခွဲတိုက်ဟာ ည ၁၀ နာရီ ၁၀ မိနစ်ချိန်ခန့် မှာပြိုကျခဲ့တာလို့ မီးသတ်တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ကိုသန်းဌေးကဖေစ်ဘွခ်မှတင်ထားပါတယ် ။ တိုက်ပြိုခဲ့ပေ
မယ့် လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ် ။ ဒီနေ့
ညနေ မိုးရွာနေတုန်းမှာ လမ်း၂၆လမ်း၊ ၈၀×၈၁ လမ်းထဲမှသုံးထပ်ရှိ Fine Store တိုက် ပြိုကျခဲ့ပါတယ် ။ ငလျင်ကြီးလှုပ်ပြီးတော့ တိုက်ရဲ့တိုင်တွေထိပြီး တိမ်းစောင်းသွားပြီး လူမနေတော့တာကြောင့် တိုက်ပြိုကျမှုမှာထိခိုက်သူမရှိခဲ့ပါဘူး ။ဒါကြောင့် ဧပြီ ၁၅ ရက်နေ့မိုးသည်းထန်ပြီးလတ်တလောသိရတဲ့သတင်းတွေအရ မန္တလေးမှာနေအိမ်၊တိုက်
တာတွေပြိုတာနှစ်လုံးရှိပြီဖြစ်ပါတယ်။ဒီနေ့ညနေ ရွာခဲ့တဲ့မိုးကြောင့် အိမ်မရှိတော့ပဲ ယာယီအမိုးအ
ကာတွေနဲ့နေရတဲ့ ငလျင်ဘေးသင့်ပြည်သူတွေဟာရေကြီးလို့ပိုဒုက္ခရောက်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။
ဓါတ်ပုံ-Than Htay