မန္တလေးမှာ မိုးသည်းထန် ရွာသွန်းလို့ ငလျင်ဒဏ်ထိ တိုက်တစ်လုံး ပြိုကျ၊ မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးရွာ ရေကြီးလို့ ငလျင်ဘေးသင့်သူတွေ အခက်တွေ့၊

by

in

မန္တလေးမှာ မိုးသည်းထန် ရွာသွန်းလို့ ငလျင်ဒဏ်ထိ တိုက်တစ်လုံး ပြိုကျ၊
မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးရွာ ရေကြီးလို့ ငလျင်ဘေးသင့်သူတွေ အခက်တွေ့၊
ဒေါ်လာ/MFP၊ ဧပြီ – ၁၅

26 B လမ်း 80×81 ကြား Fine Store ငလျင်ဒဏ်ခံထားရသော အဆောက်အအုံ ….
ယနေ့မိုးအပြင်းအထန်ရွာသွန်းမှု ကြောင့် ပြိုကျမှု Video မှတ်တမ်း ⚠️ ⚠️ ⚠️
မိတ်ဆွေများ အားလုံး လမ်းသွားလမ်းလာ လေးတွေ ဂရုတစိုက်သွားလာကြပါဗျာ 🙌🤍

မန္တလေးမြို့မှာ ဒီကနေ့ ဧပြီလ ၁၅ရက် ညနေပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ၂၆ လမ်း၊ လမ်း၈၀နဲ့ ၈၁လမ်းကြားက ငလျင်ဒဏ်ထိထားတဲ့ သုံးထပ်ခွဲ တိုက်တစ်လုံး ပြိုကျခဲ့ပါတယ်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အဆောက်အအုံ ထိခိုက်ကာ တိမ်းစောင်းနေတဲ့ ၂၆ လမ်း၊ လမ်း၈၀နဲ့ ၈၁လမ်းကြားက စတိုးဆိုင်ဖွင့်ထားတဲ့ သုံးထပ်ခွဲတိုက် မိုးရွာချိန် ပြိုကျသွားတာ ဖြစ်ပြီး လူသူ ထိခိုက်တာတော့ မရှိဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
ဒါ့အပြင် မိုးသည်းထန်လို့ လမ်းပေါ် ရေလျံကာ သွားလာရေး အခက်တွေ့နေရသလို ငလျင်ဘေးသင့်လို့ နေထိုင်စရာ အိမ်မရှိတော့ဘဲ ငလျင်ရှောင်စခန်းတွေမှာ နေထိုင်ရသူတွေလည်း နေထိုင်ရေး အခက်တွေ့ နေရတယ်လို့ ဆိုပါတယ်။
“ဒုက္ခရောက်တယ်။ မိုးရေတွေလည်း ဝင်လို့။ မိုးကြိုးတွေကပစ်၊ လေတွေက တိုက်၊ မိုးကသည်း” လို့ ငလျင်ရှောင်စခန်းတစ်ခုမှာ ယာယီခိုလှုံနေသူတစ်ဦးက ပြောပါတယ်။
အမရပူရနဲ့ စစ်ကိုင်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ငလျင်ဘေးသင့်သူတွေ ပိုမို ဒုက္ခ ရောက်နေကြတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဒီကနေ့ သင်္ကြန်အကြတ်နေ့မို့ မန္တလေးမြို့မှာ သင်္ကြန်ရေပက်ခံထွက်သူ၊ လည်ပတ်သူတွေလည်း ရှိပြီး မြို့ပေါ်က အရက်ဘီယာဆိုင်တွေမှာ လူစည်ကားနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
“ဘားတွေ၊ ဆိုင်တွေမှာတော့ လူတွေက စည်ကားလို့၊ တကယ့်ကို ကမ္ဘာနှစ်ခုလိုပဲ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးနဲ့ စစ်ကိုင်းမှာ လူ ၃၀၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူနဲ့ အဆောက်အအုံတွေအောက် ပိတ်မိသေဆုံးသူလည်း ရာနဲ့ချီ ကျန်ရှိနေကာ အိုးအိမ်အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပါတယ်။
မန္တလေးနဲ့ စစ်ကိုင်းက ငလျင်ဘေးသင့်သူတွေဟာ စစ်အုပ်စုက စီစဉ်ပေးတဲ့ ငလျင်ကယ်ဆယ်ရေး စခန်းနဲ့ နီးစပ်ရာ နေရာတွေမှာ ယာယီခိုလှုံနေထိုင်ကြရတာ ဖြစ်ပါတယ်။
မန္တလေးမြို့ ၂၆ လမ်းပေါ်က ငလျင်ဒဏ်သင့် တိုက်တစ်လုံး မိုးရွာသွန်းချိန် ပြိုကျမှုနဲ့ မိုးရွာရေကြီးလို့ မန္တလေးမြို့ပေါ်က ငလျင်ဘေးသင့်သူတွေရဲ့ ယာယီ ခိုလှုံရာ တဲတွေ ရေနစ်မြုပ်နေစဉ်/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #MFP #နွေဦးတော်လှန်ရေး #စစ်ကိုင်း #မန္တလေး #မကွေး #ငလျင် #Earthquake