တောင်ဒဂုံတွင် စစ်တပ်ယာဥ်စစ်ဆေးသည့်နေရာ ဗုံးပေါက်ပြီး စစ်သား ၁ ဦးနှင့် ရဲ ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ ရှမ်းတဲကြီးရပ်ကွက်၊ အမှတ် ၂ လမ်းမကြီးပေါ်မှာ ဇွန် ၁၁ ရက် ဒီနေ့မနက် ၉ နာရီက စစ်ကောင်စီတပ်နဲ့ ရဲတွေ ယာဥ်စစ်ဆေးနေတဲ့ဂိတ်အနီးမှာ ဗုံးနှစ်ကြိမ် ပေါက်ခဲ့ပြီး စစ်သားတဦးနဲ့ ယာဥ်ထိန်းရဲ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၉ နာရီက တောင်ဒဂုံမြို့နယ် အမှတ် ၂ လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေ ယာဥ်စစ်ဆေးနေစဥ် လမ်းဘေးအထုပ်တထုပ်မှ ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

“ယာဥ်ထိန်းနဲ့ စစ်သားတွေ ဆိုင်ကယ်တွေဖမ်း၊ ကားတွေ စစ်နေတဲ့အချိန် လမ်းဘေးကနေ ထပေါက်တာ၊ ယာဥ်ထိန်းရဲနှစ်ယောက် ဒဏ်ရာရတယ်။ စစ်တပ်က ဗုံးထပ်ပြီး လာရှင်းတဲ့အချိန် တခါပေါက်တယ်၊ တယောက်ဒဏ်ရာရတယ်။”

ပထမကြိမ် ဗုံးပေါက်ပြီး ယာဥ်ထိန်းတပ်ဖွဲ့မှ တပ်ကြပ်တယောက်နဲ့ တပ်သားတယောက် ဒဏ်ရာရခဲ့ပြီး စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗုံးလာရှင်းတဲ့အချိန် ဒုတိယအကြိမ် ထပ်ပေါက်လို့ ဒုတပ်ကြပ်တဦး ထပ်မံဒဏ်ရာရခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“တပ်ကတယောက်က ထိခိုက်ဒဏ်ရာရတာ များတယ်။ ယာဥ်ထိန်းရဲနှစ်ယောက်ကတော့ သိပ်ပြီး မစိုးရိမ်ရဘူး။ မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ထားတယ်။”

လတ်တလော တောင်ဒဂုံမြို့နယ် အမှတ် ၂ လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။