ဗိုလ်မှူး သုံးဦးအပါအဝင် တပ်သားနှင့်ရဲ ၄၅ဦး မေလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံ

ဗိုလ်မှူး သုံးဦးအပါအဝင် တပ်သားနှင့်ရဲ ၄၅ဦး မေလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံ
11 June 2024 By Ra Wai / MPA
ဗိုလ်မှူး သုံးဦးအပါအဝင် တပ်သားနှင့်ရဲ ၄၅ဦး ၂၀၂၄ခုနှစ်၊ မေလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာန က ယနေ့ (ဇွန် ၁၁ရက်) သတင်းထုတ်ပြန်သည်။
ယင်း ၄၅ဦးထဲတွင် ဗိုလ်မှူးသုံးဦးအပြင်၊ဗိုလ်ကြီးတစ်ဦး၊ဗိုလ်တစ်ဦးနှင့် ဒုရဲအုပ်တစ်ဦးလည်း ပါဝင်ပြီးအမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှုဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။
“၁၀၂၇စစ်ဆင်ရေးကစလို့ စစ်တပ်က တော်တော်ကိုဖရိုဖရဲဖြစ်နေတာဆိုတော့ အလင်းဝင်တဲ့အရေ အတွက်လည်း ပိုများနိုင်မလားပဲ။ NUGပြည်သူ့ရင်ခွင်အနေနဲ့ ဒါ့ထက်အလင်းဝင်လာအောင် ဘာတွေလုပ်သင့်သလဲဆိုတာ ကျွမ်းကျင်သူတွေ၊မြေပြင်မှာအလုပ်လုပ်နေသူတွေနဲ့ ဆွေးနွေး အဖြေရှာသင့်တယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။
မေလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ ၂၄ လက်နှင့်ခဲယမ်း မီးကျောက်များ ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်အတွင်း ၂၀၂၄ခုနှစ်အစမှ မေလအထိ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ငါးဦးသာရှိပြီး၊ ‌နယ်မြေအခြေအနေအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည့်သူရင်ခွင်ခိုလှုံရန် အားနည်းကြောင်း ရေဦးမြို့နယ်ပကဖ တာဝန်ခံကပြောသည်။
“ကျနော်တို့မြို့နယ်မှာ ကျေးရွာပေါင်း ၁၉၂ရွာရှိတာကို ၁၉၁ရွာကို ပကဖက စိုးမိုးထားတာပေါ့။ ရဲကင်းတွေဆိုတာလည်း တော်လှန်ရေးအစကတည်းက မရှိတော့ဘူး။ ပျူရွာလည်း မရှိဘူး။ မြို့ပေါ်က သူတို့အတွက် ဗျူဟာကျတဲ့နေရာဖြစ်နေတယ်။ သူတို့က ထွက်လာရင်လည်း အုပ်လိုက်ပဲထွက်တာဆိုတော့ တစ်ယောက်တည်း ခွဲထွက်လာဖို့ကျ ခက်ခဲတယ်” ဟု ၎င်းကပြောသည်။
လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်လာသူများကို အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ကြောင်းသိရသည်။