စစ်ကောင်စီခလယ်ဒေးစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များမှသိမ်းပိုက်ရရှိ

by

in

စစ်ကောင်စီခလယ်ဒေးစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များမှသိမ်းပိုက်ရရှိ
Salween Press
မတ်လ ၂၅ရက်၊၂၀၂၅။

KNUတပ်မဟာ၇ နယ်မြေရှိ ခလယ်ဒေးအခြေစိုက်စစ်ကောင်စီတပ်စခန်းကို KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ မတ်လ ၂၅ ရက်နေ့နေ့လယ်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးလို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နီးစပ်သူထံမှသိရှိရသည်။
“ခလယ်ဒေးစခန်းတော့ကျပြီး။ နေ့လယ်လောက်မှာရတယ်ပြောလာတယ်။ သူတို (စစ်ကောင်စီတပ်ဖွဲ့များ) ထွက်ပြေးကြတယ်” လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောပါတယ်။
တပ်မဟာ ၇ မှ ခလယ်ဒေးစစ်ကောင်စီတပ်သည် KNLA မဟာမိတ်ပူးပေါင်းတပ်များမှ ဝိုင်းဝန်ပိတ်ဆို့ တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး မတ်လ၂၁ရက်နေ့မှ ယနေ့မတ်လတ် ၂၅ ရက်နေ့မနက်အထိ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ဒရုန်းဖြင့်နေ့စဉ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ယနေ့တွင်သိမ်းပိုက်ရရှိခဲ့ တာြဖစ်သည်။
စစ်ကောင်စီ၏ခလယ်ဒေးတပ်စခန်းအားဝင်ရောက်တိုက်ခိုက်နေစဉ် စစ်ကောင်စီဘက်ကလည်း လေယာဉ်ပစ်ကူမှုများအပြင် ဒရုန်းများဖြင့်အသုံးပြုတိုက်ခိုက်မှုများနှင့် ကင်းထောက်မှုများလုပ်ဆောင် ခဲ့ပါသည်။
တိုက်ပွဲပြင်းထန်သည့်ရက်တွင်မှာ ခလယ်ဒေးဒေသခံတချို့ကလည်း ဘေးလွတ်ရာထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။
ပုံဟောင်းများ – KNLA နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဒရုန်းလေ့ကျင့်နေစဉ်နှင့် KNU တပ်မဟာ၇ နယ်မြေရှိ နို့ဒေးစခန်းတိုက်ခိုက်သိမ်းပိုက်စဉ်
Salween Press
25-03-2025

ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ၊ စစ်ကောင်စီက ညအချိန် လေယာဉ်များဖြင့် ဗုံးများကျဲချ
ရန်ကုန်၊ မတ် ၂၆
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ KNU တပ်မဟာ ၇ နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန် KNU လက်အောက်ခံ KNLA တပ်မဟာ ၇ နယ်မြေရှိ စစ်ကောင်စီ၏ ခလယ်ဒေး ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ အဆိုပါ စခန်းကို မတ်လ ၂၂ ရက်နေ့ ညပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပြီး ၃ ရက်အကြာ မတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း ၊ ယမန်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း သိရှိရသည်။
” ညပိုင်းမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲသွားတယ်။ တစ်နေ့လုံးငြိမ်နေပြီးမှ ညပိုင်းမှာ ဗုံးကျဲတာ။ ခလယ်ဒေးစခန်းသိမ်းတိုက်ပွဲမှာ စစ်သားတွေ ကစဉ့်ကလျား ထွက်ပြေး သွားတယ်။ ပြေးတဲ့သူများတယ်။ တော်လှန်ရေးဘက်တော်သားတွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိပါတယ်။ ညပိုင်းက လေယာဉ်တွေ တောက်လျှောက် တက်လာလို့ သတိထားနေရတယ်” ဟု KNLA သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ကောင်စီ၏ ခလယ်ဒေး တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် KNLA တပ်မဟာ ၇ တပ်မဟာမှူး ကိုယ် တိုင် ဦးဆောင်ပြီး KNLA တပ်ရင်း ၂၂ အပါအဝင် မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ သိမ်း ဆည်းရရှိသော လက်နက်ခဲယမ်းများ ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အုပ်စု နှစ်စုကွဲ၍ ထွက်ပြေးသွားကြောင်း ၊ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မဟာမိတ်တပ်များက လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။
ထိုင်း-မြန်မာနယ်စပ်အနီးတွင် တိုက်ပွဲများကြောင့် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် လုံခြုံရေးများ တိုးမြှင့်ထားသည့်အပြင် ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ်များဖြင့် ကင်းလှည့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် မတ်လ ၁၄ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်အနီး KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ ပူးလူးတူ တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ စစ်သား ၁၁ ဦး ထိုင်းဘက်သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း KNU က သတင်းထုတ်ပြန်ခဲ့သည်။