နိုင်ငံကာကွယ်ရေးအတွက် စစ်တပ်ဘတ်ဂျတ်ကို ပိုမိုအသုံးပြုနေရသည်ဟု မတရား အာဏာဖက်တွယ်ထားသည့် မင်းအောင်လှိုင် ပြော
မတ် ၂၅၊ ၂၀၂၅
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ရေးအတွက် ဘတ်ဂျက် ပိုမိုအသုံးပြုနေရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။
တိုင်းပြည်အာဏာကို အကြမ်းဖက်ရယူထားတဲ့ မင်းအောင်လှိုင်က နေပြည်တော်မှာ ကျင်းပတဲ့ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။
နိုင်ငံတဝန်း တိုင်းရင်းသားတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီက တိုက်ခိုက်နေမှုကို တိုင်းပြည်ကာကွယ်ရေးအတွက်လို့ ခေါင်းစဉ်တပ်ကာ မင်းအောင်လှိုင်က နိုင်ငံတော်ဘတ်ဂျတ်ထဲမှာ စစ်အသုံးစရိတ်တွေကို ပိုမို အသုံးပြုလာတာလည်း ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ဘဏ္ဍာငွေတွေကို ပြည်ထဲရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ အသုံးစရိတ်တွေ တိုးမြှင့်ပေးလျက်ရှိတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။
စစ်တပ်ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း အမေရိကန်ဒေါ်လာ သန်းရာချီကို နှစ်စဥ် တိုးသုံးနေပြီး လေကြောင်းတိုက်ခိုက်မှုတွေမှာ အဓိက အသုံးပြုနေတယ်လို့ တက်ကြွလှုပ်ရှားတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက အသီးသီးထုတ်ပြန်ထားပါတယ်။
အထူးသဖြင့် လေယာဉ်လောင်စာဆီနဲ့ စစ်လက်နက်ပစ္စည်းတွေ၊ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ ဒရုန်းတွေ ပိုမိုဝယ်ယူအားဖြည့်ပြီး တိုင်းရင်းသားဒေသတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ရာမှာ အဓိကအသုံးပြုနေတာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေကို ဘတ်ဂျက် တိုးမြှင့်သုံးစွဲပေးနေတယ်လို့ ပြောပေမယ့် အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်းက ဆေးရုံ၊ ဆေးပေးခန်း နဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့ အရပ်သားပြည်သူတွေနဲ့ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းတွေ မြေပြင်မှာ ထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိနေပါတယ်။
