၂၀၂၅ ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် လုံခြုံရေးကို အထူးဂရုစိုက်ဖို့ မင်းအောင်လှိုင် မှာကြား
မတ် ၂၅၊ ၂၀၂၅
အခုနှစ် ဒီဇင်ဘာလထဲမှာ နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
မနေ့က မတ် ၂၄ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးမှာ မင်းအောင်လှိုင်က ထည့်သွင်းပြောကြားလိုက်တာပါ။
လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအနေနဲ့ လာမယ့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိုင်းနဲ့ ပြည်နယ်အလိုက် လုံခြုံရေးလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ဖို့ လိုတယ်လို့ မင်းအောင်လှိုင်က မှာကြားပါတယ်။
ကာကွယ်ရေးအင်အားတွေ ကောင်းမွန်ဖို့အတွက် လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြဖို့နဲ့ ရယူသင့်တဲ့ သင်ခန်းစာတွေကို ကောင်းမွန်စွာရယူပြီး ဂရုတစိုက် ဆောင်ရွက်ဖို့မှာကြားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းနယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားရပေမယ့် သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၀၀ ကျော်လောက်မှာ ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ဖို့ ရည်ရွယ်ထားတာပါ။
NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ကြေညာထားပါတယ်။
နိုင်ငံတကာကလည်း အာဏာသိမ်းစစ်တပ်အနေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးထက် တိုင်းပြည်ကို တည်ငြိမ်အောင်သာ ထိန်းသိမ်းဖို့ တိုက်တွန်းထားပါတယ်။
