အထက်မင်းလှရှိ ကပစသုံးခုကာကွယ်ရန် စစ်ကောင်စီ ပြင်ဆင်
ကဖေး/People’s Spring
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သုံးခုကာကွယ်ရေးအတွက် စစ်ကောင်စီက အင်အားတိုးမြှင့်နေပြီး လေကြောင်းအန္တရာယ် ခြိမ်းခြောက်မှုများရှိနေ၍ ဒေသခံပြည်သူများ စစ်ရေးသတိပြုကြရန် အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးသည်။
“ဒီမှာရှိတဲ့ ကပစတွေကို အင်အားဖြည့်နေတယ်။ ထိတွေ့တိုက်ပွဲတွေလည်းရှိတယ်။ ဒီလိုအခြေအနေမှာဒေသခံတွေအတွက် လေကြောင်းအန္တရာယ်ရှိနေတယ်။ လိုအပ်တဲ့သတိပေးချက် တွေလည်းထုတ်ထားပါတယ်”ဟု အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အထက်မင်းလှမြို့နယ်တွင် စစ်ကောင်စီ၏ ကပစ(၂)၊ကသစ(၁၀)၊ကပစ(၁၃)တို့ ရှိနေသည်။
ကပစ(၂)သည် အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာမြောက်ဘက်၌တည် ရှိသည်။ ကျည်ဆန်များ၊ အမြောက်ကျည်များအဓိကထုတ်လုပ်သည်။
ကပစ(၁၀)သည် အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအနီးတွင်တည်ရှိပြီး တာဝေးပစ်ဒုံးကျည် (missile)များ၊ ဒုံးကျည်များထုတ်လုပ်သည်။ ကပစ(၁၃)သည် မိုင်းအဓိကထုတ်သည်။
အထက်မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီကတည်းက တိုက်ပွဲများဖြစ်ခဲ့ပြီး
ပုသိမ် – မုံရွာလမ်း၊အထက်မင်းလှမြို့နယ်လမ်းပိုင်းတွင် စစ်ရေးတင်းမာနေသည်။
လက်ရှိတွင် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေရသူ ၁,၀၀၀ခန့် ရှ်ိနေသည်ဟု အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူကပြောသည်။
လတ်တလော အခြေအနေများကြောင့် ပုသိမ်-မုံရွာလမ်းနှင့် ဒေသတွင်းလမ်းအသုံးပြု ခရီးသွားပြည်သူများ စစ်ကောင်စီနှင့် အနီးကပ်မနေကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
ယခုရက်ပိုင်းအတွင်း မကွေးတိုင်းအတွင်း အထက်မင်းလှ၊ မင်းတုန်း၊ငဖဲနှင့် ပွင့်ဖြူ၊စလင်းမြို့နယ်၊ ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသော အမ်း-ပဒါန်းလမ်းပိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။
ထို့အပြင် ကပစများရှိသော ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင်လည်း အာရက္ခတပ် တော် (AA)ပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်နေပြီး စစ်ရေးအခြေအနေတင်းမာနေသည်။