ဧရာ၀တီတိုင်းအတွင်း ပေါ်တာဆွဲခံရသောလူငယ်များကို စစ်သင်တမ်းတက်ရန် အပတ်စဉ် ၁၁ သို့ပို့ဆောင်

by

in

ဧရာ၀တီတိုင်းအတွင်း ပေါ်တာဆွဲခံရသောလူငယ်များကို စစ်သင်တမ်းတက်ရန် အပတ်စဉ် ၁၁ သို့ပို့ဆောင်
ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်
ဧရာ၀တီတိုင်းအတွင်း စစ်ကောင်စီက အဓမ္မထမ်းဆီးထားသည့် လူငယ်များကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင်ထားရှိပြီး သင်တန်းအပါတ်စဥ်(၁၁)အဖြစ် မတ်လ ၁၄ ရက်နေ့က စတင်စေလွှတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည် ဖေဖော်ဝါရီလအတွင်း ဧရာ၀တီတိုင်းအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးမှုးများက ညပိုင်းတွင် ၀င်ရောက်ဖမ်းဆီးပြီး နတခ သို့ပို့ဆောင်ခံထားရသူများကို စစ်သင်တန်းများသို့အသုတ်ခွဲကာပို့ဆောင်နေခြင်း ဖြစ်သည်။
“ညဘက်ကြီး စာရင်းပါတယ်ဆိုပြီးခေါ်သွားတာ ၊သူ့မှာ အသည်းရောဂါရှိတယ်ဆိုတာတောင် ဆေးစစ်ပြီး ပြန်လွှတ်ပေးမယ်ပြောတယ်။ ခုတော့ပြန်မလာတဲ့အပြင် သင်တန်းသွားရတော့မယ်အကြောင်းကြားတယ်”ဟု ပုသိမ်မြို့နယ်မှ စစ်မှုထမ်းရန်စုဆောင်းခြင်းခံရသူ တစ်ဦး၏ မိသားစု၀င်မှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်မှုထမ်းသင်တန်းတက်ရန်စေလွှတ်ခံရသူ ၂၀၀ ကျော်ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ အားကစားခန်းမတွင် ဧရာ၀တီတိုင်း၀န်ကြီးချုပ် ဦးတင်မောင်၀င်းနှင့်စစ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးကျော်ထက်တို့က လာရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီပိုင်မီဒီယာများမှ သတင်းထုတ်ပြန်သည်။
“ခုက သင်တန်းတွေက တစ်လလောက်ပဲပေးတော့တယ် ရှေ့တန်းမှာ စစ်သားအင်အားတွေ တအားလိုနေပြီလေ”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧရာ၀တီတိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအပါတ်စဥ် ၁၀ ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် သင်တန်းစတင်ပေးခဲ့ပြီး သင်တန်းကာလ တစ်လမပြည့်သေးခင်တွင် ယခုအပါတ်စဥ် ၁၁ ကိုစတင်ရန် စီစဥ်ခြင်းဖြစ်ကြောင်း သိရသည်။
ဧရာ၀တီတိုင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်အများစုကိုရှေ့တန်းစစ်မြေပြင်သို့ပို့ဆောင်ရာတွင် တိုက်ပွဲတွင် သေဆုံး၊ပျောက်ဆုံးခြင်းနှင့် တပ်အတွင်းမှာပင် ရှေတန်းသို့အတင်းအကြပ်ပို့ဆောင်ကာ မိသားစုများဖြင့်ဆက်သွယ်ခွင့်မပေးသောကြောင့် တပ်များတွင် နေ့စဥ်ထွက်ပြေးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
#ဧရာ၀တီတိုင်း #အဓမ္မဖမ်းဆီးခံရ #လူငယ်များ #စစ်သင်တမ်းတက်ရန် #ပတ်စဉ်၁၁ #Ayeyarwaddy_Times