နိုင်ငံတကာ ပိတ်ဆို့မှုများကို ကျော်လွှားဖို့ နည်းလမ်းရှာရမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော
မတ် ၁၆၊ ၂၀၂၅
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံတကာက သူတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ နည်းလမ်းရှာရမယ်လို့ ပြောကြားလိုက်ပါတယ်။
လက်ရှိစစ်ခေါင်းဆောင်တွေနဲ့ လူပုဂ္ဂိုလ်တချို့ကို နိုင်ငံတကာက ပိတ်ဆို့အရေးယူထားသလို ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေကို ပိတ်ဆို့ထားတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေကာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ကန့်သတ်ချက်တွေကို ကျော်လွှားရမယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင်က မနေ့က မတ် ၁၅ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ် Asia World Port Terminal – AWPT ဆိပ်ကမ်းမှာ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍစွမ်းဆောင်နိုင်မှုနဲ့ ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းတွေကို သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့တာပါ။
အရင်က မြန်မာနိုင်ငံက ဆိပ်ကမ်းတွေဟာ အရှေ့တောင်အာရှမှာ ပို့ကုန်တွေ အဓိကတင်ပို့တဲ့ ဆိပ်ကမ်းတစ်ခုဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ပို့ကုန်တွေ တင်ပို့မှုလျော့နည်းနေကာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ကန့်သတ်ချက်တွေကို ကျော်လွှားရမယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
စစ်အာဏာသိမ်းမှုကြောင့်သာ တိုင်းပြည်ဟာ စီးပွားရေးကျဆင်းသွားပြီး အဘက်ဘက်က ပိတ်ဆို့မှုတွေရှိနေတဲ့အပေါ်မှာတော့ မင်းအောင်လှိုင်က ဘယ်တုန်းကမှ ဝန်ခံပြောကြားခြင်း မရှိခဲ့ပါဘူး။
နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် နိုင်ငံခြားသုံးငွေ သုံးစွဲမရဖြစ်နေပြီး ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ငွေပေးချေဖို့ အခက်အခဲဖြစ်နေတယ်လို့ အာဏာသိမ်းစစ် ခေါင်းဆောင်ကိုယ်တိုင် ၂၀၂၃ ခုနှစ် ဇွန်လပိုင်းတုန်းက ပြောဆိုခဲ့ဖူးပါတယ်။
အာဏာသိမ်းပြီးချိန်ကစပြီး စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ချမှတ် တိုးမြှင့်လုပ်ဆောင်လျက်ရှိနေပါတယ်။
