အညာဒေသစခန်းသိမ်းတိုက်ပွဲအတွင်း ရေဦး PDFမှ ရဲဘော်သုံးဦး ကျဆုံး
အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၌ စစ်ဆင်ရေးတစ်ခုအတွင်း ရေဦးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ ရဲဘော်သုံးဦး ကျဆုံးခဲ့ရသည်။
ရဲဘော် ဟစ်တလာ၊ရဲဘော် ကတုံးနှင့် ရဲဘော်ပိုလာတို့ မြင့်မြတ်စွာကျဆုံးခဲ့သည်ဟု ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ၊ ရေဦး PDFက ယနေ့(မတ်လ ၁၅ရက်)တွင် ထုတ်ပြန်သည်။
အဆိုပါ ရဲဘော်သုံးဦးသည် တိုက်ရည်ခိုက်ရည် ၊ အမိန့်နာခံမှုကောင်းသော ရဲဘော်များ ဖြစ်သည့်အတွက် လွန်စွာဝမ်းနည်းနှမြောတသဖြစ်ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ဆင်ရေးဒေသကို အသေးစိတ်ကိုဖော်ပြမထားသော်လည်း အဆိုပါရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီ၏ စခန်းချို့ကို သိမ်းယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
၎င်းတို့ကျဆုံးမှုအတွက် ကျန်ရစ်သူမိသားစုများနှင့် ထပ်တူဝမ်းနည်းကြေကွဲရပြီး စစ် အာဏာရှင် စနစ်အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေး၊ မပြီးပြတ်သေးသော တော်လှန်ရေးလုပ်ငန်းစဉ်များအတွက် ဆထက်ထပိုး ထမ်းဆောင်သွားမည်ဟု ထုတ်ပြန် အသိပေးထားသည်။
(ရေဦးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ ရဲဘော်သုံးဦး၏ နာရေးအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ – ရေဦး PDF)