ညောင်ကျိုးစခန်း ကို သိမ်းပိုက်ခဲ့အပြီး ကပစ စက်ရုံတွေကို အနီးကပ်ခြိမ်းခြောက်လာပြီဖြစ်တဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်
မတ် ၁၅၊ ၂၀၂၅
အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးရိုးမအစပ်ကြားက ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်တပ်စခန်းကို ပြီးခဲတဲ့ မတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။
အာရက္ခတပ်တော် (AA) က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေမယ့်၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ နီးပါးကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။
ညောင်ကျိုးစခန်းဟာ ပဲခူးတိုင်း၊ ပြည်မြို့တဖက်ကမ်းမှာရှိတဲ့ ဥသျှစ်ပင်မြို့နဲ့ လက်တကမ်းအကွာမှာ ရှိတာကြောင့် ဒါဟာ ပဲခူးတိုင်းကို စစ်ရေးအရ တိုက်ရိုက်ခြိမ်းခြောက်လာခြင်းဖြစ်သလို၊ အခုလို ညောင်ကျိုးစခန်းကို AA က သိမ်းပိုက်လိုက်နိုင်တာဟာ ညောင်ကျိုးစန်းအနီး ဥသျှစ်ပင်မြို့နယ်ထဲက စကစရဲ့ ကပစစက်ရုံတွေ အတွက်လည်း ခြိမ်းခြောက်မှု တစ်ခုဖြစ်လာစေတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
“ညောင်ကျိုးစခန်းကို စစ်တပ်က လက်လွတ်လိုက်ပြီးရင်တော့ ဥသျှစ်ပင်လမ်းဆုံပေါ့။ အဲ့တာပြီးတာနဲ့ ကပစ ၅၊ ၆နဲ့ ၉ က လုံးဝ အသေနီးပါးလောက် ဖြစ်သွားပါပြီ။ အရင်ဆုံးစပြီး တိုက်ခိုက်ခံရမှာတော့ ၆နဲ့ ၉ နဲ့လို့ ထင်တယ်ဗျ“ လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
ကပစ ၆ စက်ရုံဟာ သံရည်ကျိုစက်ရုံဖြစ်တာကြောင့် ဒီစက်ရုံကို ထိတာနဲ့တင် နောက်ဆက်တွဲ ထုတ်လုပ်မှုပိုင်းဆိုင်ရာ စက်ရုံတွေလည်း အလိုလိုရပ်တန့်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခြားတစ်ဖက်မှာလည်း အကြမ်းဖက်စစ်တပ်ဟာ ယမ်းအသုံးပြုမှု များလွန်းတာကြောင့် စစ်ဆင်ရေးတွေမှာ လိုအပ်တဲ့ ယမ်းပမာဏကို မထုတ်လုပ်နိုင်တော့ပဲ နိုင်ငံခြားကနေပါ ယမ်းတွေကို ဝယ်ယူ အသုံးပြုနေရတယ်လို့ သိရပါတယ်။
“ TNT ယမ်းတွေက အရပ်ဖက်မှာလည်း သုံးပါတယ်။ ဖားကန့်တို့လို ကျောက်မိုင်းတွေမှာ သုံးရတာပေါ့နော်။ အဓိကက demand များလာတော့ နောက်က Production က မလိုက်နိုင်တော့တဲ့ အခြေအနေဖြစ်နေတာပါ” လို့ သူကဆက်ပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ TNT ယမ်းတွေကို အသုံးပြုထုတ်လုပ်ရတဲ့ ဗုံးသီးတွေအစား စစ်ပွဲတွေမှာ နိုင်ငံတကာက အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ဓာတုအဆပ်ငွေ့ဗုံးတွေကို ထုတ်သုံးလာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
AA တပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်ဖြစ်တဲ့ ပန်းတောင်းမြို့နယ်က စစ်ကောင်စီစခန်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယခုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ ညောင်ကျိုးစခန်းဟာ စစ်ကောင်စီရဲ့ အသက်သွေးကြောတခုဖြစ်တဲ့ ကပစ ၆ (သံချက်စက်ရုံ) နှင့် ၁၀ မိုင်သာ ဝေးကွာတဲ့ နေရာမှာ တည်ရှိနေတာပဲ ဖြစ်ပါတယ်။