ကချင်တွင် မြေရှားသတ္တုတွင်းတူးနေသည့် တရုတ်ကုမ္ပဏီများက KIA တောင်းသည့် အခွန် ၂၀ ရာခိုင်နှုန်း မပေးချင်၍ သတ္တုတွင်း အများစုပိတ်မည်

by

in

ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်

ကချင်ပြည်နယ်၊ ပန်ဝါဒေသတွင် မြေရှားသတ္တုတူးဖော်နေသော တရုတ်ကုမ္ပဏီများက ကချင် လွတ်လပ်ရေးတပ်မတော် (KIA) က သတ်မှတ်လိုက်သည့် သတ္တုအခွန် ၂၀ ရာခိုင်နှုန်းကို မပေးချင်သဖြင့် ‌‌မြေရှားသတ္တုတွင်းများကို မတ်လကုန်တွင် ပိတ်မည်ဖြစ်ကြောင်း သတ္တုတွင်းရှိဝန်ထမ်းအချို့ထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ခေါင်းဆောင်ဇခုန်တိန့်ယိန်း ထိန်းချုပ်သော ကချင်အထူးဒေသ (၁) ကို ပြီးခဲ့သည့် နိုဝင်ဘာလတွင် KIA နှင့် ပူးပေါင်း PDF တပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ရာချီရှိသောမြေရှားသတ္တုလုပ်ကွက်များကို ပိုင်ဆိုင်လိုက်ခြင်း ဖြစ်သည်။

” ပြည့်သူ့စစ်ဆီကနေ KIA က သိမ်းလိုက်ပြီးတော့ အခွန်ကောက်ဖို့ လုပ်ကွက်တွေပြန်စစ်တယ်။ KIA တောင်းတဲ့အခွန်မပေးနိုင်ရင် သတ္တုတွင်းပိတ်ရမယ်လို့ပြောထားတယ် ” ဟု သတ္တုတွင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

KIA သည် ပန်ဝါဒေသကို ထိန်းချုပ်ပြီးနောက် မြေရှားသတ္တုတွင်း တူးဖော်လုပ်ကိုင်သူ တရုတ် ကုမ္ပဏီများက တူးယူပြီးရရှိလာမည့် မြေရှားသတ္တု၏ ၂၀ရာခိုင်နှုန်းကို အခွန် အဖြစ်ပေးဆောင်ရန် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

” KIA နဲ့ တရုတ်ကုမ္ပဏီတွေ အခွန်ကိစ္စညှိမရဘူး။ KIA ကတောင်းတဲ့သတ္တုအခွန် ရာခိုင်နှုန်းကို တရုတ်တွေက မပေးချင်ဘူး။ ၁၀ တန်ထွက်ရင် ၂ တန်ပေးရမှာ။ အဲဒါကိုမပေးချင်ဘူး။ ဒီလကုန်လို့ တွင်းတွေ ပိတ်ရင် ဝန်ထမ်းတွေပြန်ရမယ် ” ဟု အဆိုပါဒေသရှိ သတ္တုတွင်းဝန်ထမ်းက ဆိုသည်။

KIA အနေဖြင့် မြေရှားသတ္တုတွင်းများကို သိမ်းပိုက်ထိန်းချုပ်ထားသည်မှာ ငါးလကျော်ကြာမြင့်ပြီ ဖြစ်ပြီး တရုတ်ကုမ္ပဏီများနှင့်သတ္တုအခွန်ကိစ္စညှိနှိုင်း၍ မရကြောင်း သိရသည်။

“မြေရှားစျေးကွက်ကို ကချင်က အိန္ဒိယဘက်လည်း ဖောက်ထားတယ်။ အရှေ့မြောက်ဒေသမှာ ကချင် မျိုးနွယ်စုတွေ ရှိတယ်။ အိန္ဒိယဘက်မှာ ကချင်က မြေရှားနဲ့လိုအပ်တဲ့ supplies နဲ့ ဖလှယ်ဖို့များတယ်” ဟု ကချင်အရေးကိုစောင့်ကြည့်နေသည့် သုတေသီတစ်ဦးက ဧရာ၀တီတိုင်းမ်ကို သုံးသပ် ပြောကြားသည်။

ကချင်ပြည်၊ အထူးဒေသ ( ၁) တွင်ပါဝင်သည် ချီဖွေ၊ ဆော့လော်နှင့် ပန်ဝါမြို့နယ်တို့တွင် မြေရှားသတ္တု တွင်းများရာနှင့်ချီရှိပြီး လုပ်ကွက်တစ်ခုတွင် တရုတ်လူမျိုးမန်နေဂျာတစ်ဦးဖြင့် လည်ပတ်ကာ အလုပ်သမား ၃၀ မှ ၁၀၀ ကြားရှိကြောင်းသိရသည်။

ထို့ပြင်လုပ်ကွက်တစ်ခုချင်းစီမှ လုပ်သားများ၏ အနည်းဆုံးလေးပုံတစ်ပုံတွင် ပညာရှင်နေရာကို တရုတ် လူမျိုးများယူထားပြီး အလုပ်ကြမ်းနေရာကိုမြန်မာလုပ်သားအများစုလုပ်ကိုင်ကြရကြောင်း Global Witness အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#KIAထိန်းချုပ် #မြေရှားသတ္တုတွင်းများ #တရုတ်ကုမ္ပဏီများ #၂၀ရာခိုင်နှုန်း #သတ္တုအခွန်‌မဆောင် #ပိတ်မည် #Ayeyarwaddy_Times

Continue Reading