စဉ့်ကူး၊ လက်ပံလှရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၆ ဦး အပါအဝင် သေဆုံးသူ ပြည်သူ ၂၇ ဦးထိရှိလာ
ရန်ကုန်၊ မတ် ၁၄
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၆ ဦး အပါအဝင် သေဆုံးသူ ပြည်သူ ၂၇ ဦးထိရှိကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် က ပြောဆိုသည်။
ယနေ့ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်တပ်က စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာရှိ လူစည်ကားရာ စျေးဆိုင်တန်းကို လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ် ၆ ဦး အပါအဝင် သေဆုံးသူ ပြည်သူ ၂၇ ဦးထိရှိပြီ ဖြစ်ကြောင်း၊ ထို့ပြင် ထိခိုက် ဒဏ်ရာရရှိသူ ၃၀ ဝန်းကျင်ခန့်လည်းရှိကြောင်း သိရသည်။
“ကျနော်တို့ အခုချိန်ထိ စိစစ်နေဆဲဖြစ်လို့ သေဆုံးစာရင်း အတိအကျကို အတည်မပြုနိုင်သေးဘူး။ ဒဏ်ရာရရှိတဲ့ သူတွေထဲမှာလည်း စိုးရိမ်ရတဲ့ သူတွေပါဝင်ပါတယ်” ဟု ဒေသတွင်း သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက် အန္တရာယ် စိုးရိမ်ရပြီး ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်သောကြောင့် သေဆုံးမှု စာရင်းအရေအတွက် ပိုမို များပြားလာနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဈေးဆိုင်များလည်း ပြိုကျ ပျက်စီးခဲ့ပြီး မီးလောင် ပျက်စီးမှုများလည်း ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့နယ် ၊ လက်ပန်လှကို အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတာ
ပြည်သူ စုစုပေါင်း (၂၇) ဦး သေဆုံးသွားပါတယ်။
နောက်ထပ်လည်း သေဆုံးသူဦးရေ မြင့်တက်လာနိုင်ပါသေးတယ်။
ပြည်သူတွေ နေ့စဉ် လည်ပတ်လှုပ်ရှားနေကြတဲ့ စျေးကိုမှ ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အတွက် ဒဏိရာရသူ ပြည်သူအရေအတွက်လည်း အင်မတန်များပါတယ်။
အဝေးပြေးကားတွေ ခေတ္တရပ်နားပြီး
ခရီးသည်တွေ ထမင်းစားနားလေ့ရှိတဲ့ လက်ပန်လှ ကျေးရွာဟာ အာဏာသိမ်းမှု မတိုင်ခင်ကတည်းက အင်မတန်မှကို စည်ကားတဲ့ ရွာကြီး တရွာပါ ။
ရွာဆိုပေသိ မြို့ငယ်တခုစာလောက် အိမ်ခြေထူထပ်ပြီး လူဦးရေသိပ်သည်းတဲ့ ရွာအကြီးကြီး တရွာဖြစ်ပါတယ်။
အဲ့ဒီလို စည်ကားလှတဲ့ လက်ပန်လှကျေးရွာကိုမှ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်သွားတဲ့ စစ်ကောင်စီကို အခုချိန်ထိ အသက်ဆက်ပေးနေကြတဲ့ လူတွေဟာလည်း စစ်ရာဇဝတ်မှုတွေကို သွယ်ဝိုက်သောနည်းအားဖြင့် အားပေးကူညီနေကြတာဖြစ်တယ်ဆိုတာ သတိပေးလိုက်ပါရစေ။
ပြည်သူကို ရန်သူလို ဆက်ဆံပြီး သတ်ဖြတ်နေတဲ့ ရန်သူကို ဒီထက်ပိုပြီး စိန်ခေါ်နိုင်ဖို့ ကျွန်တော်တို့ ခင်ဗျားတို့ တော်လှန်ရေးအင်အားစုတွေလည်း ဒီထက်ပိုပြီး အလုပ်လုပ်ကြဖို့ လိုအပ်နေပါပြီ ။
ပေးဆပ်သွားတဲ့
အသက်တွေဟာ အစားထိုးပြန်မရနိုင်တော့ဘူး။ ။
ရန်သကြိူ