ပဲခူးတိုင်း ညောင်ကျိုးစခန်း AA သိမ်းပိုက်

by

in

ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ စစ်တွေမြို့နယ်တွေအပါအဝင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နေရာတချို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ ရခိုင်-ပဲခူးတိုင်း အစပ်မှာ နှစ်ဘက်တိုက်ပွဲတွေ လနဲ့ချီပြင်းထန်နေပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကတည်းက ရခိုင်နဲ့ နယ်မြေထိစပ်နေတဲ့ ပဲခူးတိုင်း မကွေးတိုင်း ဧရာဝတီတိုင်းတွေအထိ ကျယ်ပြန့်လာနေပြီး လက်ရှိအချိန်အထိ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ရခိုင်-ပဲခူး အစပ် ရိုးမတလျောက်မှာဆိုရင်လည်း နှစ်ဘက် တိုက်ပွဲတွေ လနဲ့ချီပြင်းထန်နေပြီး မတ်လ ၁၂ ရက်နေ့က ပြည်ခရိုင် ညောင်ကျိုးကျေးရွာက စစ်ကောင်စီ ပင်မစခန်း တခုကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ ရခိုင်စစ်ရေး စောင့်ကြည့်နေ သူတဦးကပြောပါတယ်။

“ လက်ရှိမှာတော့ ကျနော်တို့ ကြားသိရသလောက်ဆိုလို့ရှိရင် မနေ့က မနက်ပိုင်း ၉ နာရီကျော် လောက်မှာ ညောင်ကျိုး တိုက်ပွဲပြီးဆုံးသွားတဲ့ အကြောင်း အဲနေရာကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်လိုက်ပြီလို့ ကြားတယ်။ ညောင်ကျိုးမှာ သူတို့ရဲ့ အခိုင်အမာပြင်ဆင်ထားတဲ့ ညောင်ကျိုးစခန်းပေါ့။”

ညောင်ကျိုး ပင်မစခန်းက စစ်ကောင်စီတပ်အရာရှိတချို့နဲ့ တပ်သားတွေဟာ တောင်ကုတ်-ပန်းတောင်း လမ်းအတိုင်း တပ်ဆုတ်သွားပြီး ညောင်ခြေထောက်စခန်းမှာ သွားရောက် ပူးပေါင်းနေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့လည်း သူကဆက်ပြောပါတယ်။

“ညောင်ကျိုးကနေ တပ်ဆုတ်လာတဲ့ အရာရှိတချို့နဲ့ သူတို့ရဲ့ လက်ကျန်စစ်သည်တချို့ဟာ ညောင်ခြေထောက်မှာရှိတဲ့ သူတို့ရဲ့ ခံစစ်အခိုင်အမာပြင်ထားတဲ့ စခန်းကို ဆုတ်ခွာပြီးတော့ အဲဒီမှာတပ်ပေါင်းသွားတယ်လို့ ကြားတယ်။”

တောင်ကုတ်-ပန်းတောင်လမ်း ရခိုင်ရိုးမပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နတ်တောင်တာဝါတိုင်စခန်း ကိုလည်း အာရက္ခတပ်တော် (AA) ဘက်က ပြီးခဲ့တဲ့ လကတည်းက သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကနေ ပဲခူးတိုင်း ပြည်မြို့နယ်အတွင်းကို ရောက်နေတဲ့ စစ်ဘေးရှောင်တချို့ကို ဒီရက်ပိုင်းဖမ်းဆီးတာတွေလုပ်နေ တယ်လို့လည်း ရခိုင်စစ်ရေး စောင့်ကြည့်နေသူကဆက်ပြောပါတယ်။

“တောင်ကုတ်တိုက်ပွဲ ပြင်းထန်တုန်းက ပြည်ဘက်ကို စစ်ရှောင်သွားတဲ့ စစ်ဘေးရှောင်တွေဟာ လက်ရှိမှာ နေရပ်ကို ပြန်တဲ့အခါ ပြည်ခရိုင် ဥသျှစ်ပင်မြို့နယ်ထဲက ညောင်ခြေထောက်ကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတခုက ဖမ်းယူသွားတယ်လို့ကြားတယ်။ ဖမ်းပြီးတော့ လက်ပြန်ကြိုးတုပ် ရိုက်နက်ပြီးတော့ က-ပ-စစက်ရုံအတွင်းကို ခေါ်ယူသွားတယ်လို့သိရတယ်။ အဲဒီမှာ အမျိုးသမီးတွေပါတယ်၊ အမျိုသမီးငယ်တွေလည်းပါတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေ ပါတယ်လို့ကြားတယ်၊ စုစုပေါင်းဆယ်ယောက်လို့ ကြားတယ်။ “

ရခိုင်ပြည်နယ်ထဲမှာတော့ ကျောက်ဖြူနဲ့ စစ်တွေ မြို့နယ်တွေမှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲတာတွေ၊ ဒရုန်းတွေနဲ့ နေ့ရော ညပါပစ်ခတ်နေတာကြောင့် အရပ်သားထိခိုင်ဒဏ်ရာရတာတွေနဲ့ လူနေကျေးရွာတွေ မီးလောင်ပျက်စီးတာတွေရှိနေတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ အနီးဝန်းကျင်ဒေသတွေက တိုက်ပွဲတွေ နောက်ဆုံး အခြေအနေနဲ့ စစ်ကောင်စီက သတင်း တစုံတရာ ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ စစ်ကောင်စီတပ်တွေနဲ့ AA တို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအကုန်ပိုင်း လောက်ကစပြီး တိုက်ပွဲတွေ တကျော့ပြန် ပြန်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ သိန်းနဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လူသားချင်း စာနာမှု အကျပ်အတည်းတွေ ပေါ်ပေါက်လာမှာကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း သတိပေးနေပါတယ်။