ရွှေကုက္ကိုလ်ရှိ ကျားဖြန့်များကို BGF ဖမ်းဆီးမှုစတင်

by

in

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်များကို BGF ဖမ်းဆီးမှုစတင်
YT

(မဇ္ဈိမ) ။ ။ ထိုင်း- မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် စစ်ဆေး ဖမ်းဆီးမှုများ စတင်နေပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က မဇ္ဈိမကိုပြောသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က BGF ထိပ်ပိုင်းခေါင်းဆောင်များ အရေးပေါ် အစည်းအဝေး ခေါ်ယူအပြီး ကျားဖြန့်များကို ထိထိရောက်ရောက် နှိမ်နင်းရေးအတွက် ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ လေးဖွဲ့ (ဝင်ရောက်ရှင်းလင်းရေး အဖွဲ့ (၁)၊ (၂)၊ (၃) နှင့် ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေးအဖွဲ့) ဖွဲ့စည်းပြီး နှစ်ရက်အကြာတွင် စစ်ဆေး၊ ဖမ်းဆီးမှု စတင်လာခြင်းဖြစ်သည်။
“ကျားဖြန့်တွေကို စဖမ်းနေပြီ၊ အခု ခဏကနေ အဝင်အထွက်တွေကို ပိတ်ထားတယ်။ လူတွေ အုံလိုက်ကျင်းလိုက်ပဲ၊ ဆိုက်အနှံ့ပဲဗျ တရုတ်တွေ များတယ်။ နေရာတော်တော်များများ (BGF) တပ်တွေ ဝင်ဖမ်းတာ” ဟု ရွှေကုက္ကိုလ်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။
ရွှေကုက္ကိုလ်သတင်းရင်းမြစ်တဦး၏ ပြောပြချက်အရ BGF တပ်ဖွဲ့ဝင်များက အဆိုပါ တရုတ်လူမျိုးများအပါအဝင် ကျားဖြန့်လုပ်ငန်းများအတွင်း လုပ်ကိုင်နေသူများအား ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အလုပ်လုပ်နေခြင်းဟုတ်မဟုတ်၊ လစာရရှိခြင်း ရှိမရှိနှင့် တရားဝင် လာရောက်ခြင်း ဟုတ်မဟုတ် အချက်အလက်များ စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။
“လောလောဆယ်တော့ ကျွန်တော်တို့ မစ်ရှင်ဆောင်ရွက်နေတုန်းဆိုတော့လေ၊ ပြောဖို့ နည်းနည်းခက်သေးတယ်၊ အလုပ်ပြီးရင် အကုန်ချပြပါ့မယ်။ ဒီနေ့ အရှိန်အဟုန်နဲ့ စတင်ဆောင်ရွက်နေပါပြီ။ ကျွန်တော်တို့ကတော့ အနီးစပ်ဆုံး သူတို့လာရာလမ်းပေါ့၊ သူတို့ဘယ်ဘက်ကလာသလဲပေါ့ လာတဲ့ဘက်ကနေပဲ ပြန်လွှတ်ရမှာပေါ့” ဟု ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က မဇ္ဈိမကို ပြောသည်။
မဇ္ဈိမက ရရှိထားသည့် ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများအရ ရွှေကုက္ကိုလ်တွင်း နေရာ လေးခုထက်မနည်း၊ အဆောက်အဦများ၏ ပြင်ပနေရာများတွင် ကျားဖြန့်လုပ်ငန်းများတွင် အလုပ်လုပ်သူများဟု ယူဆရသည့် အမျိုးသား၊ အမျိုးသမီးများကို BGF တပ်ဖွဲ့ဝင်များက တန်းစီနေခိုင်းထားသည်ကို တွေ့ရသည်။
BGF ပြောရေးဆိုခွင့်ရှိသူကလည်း ၎င်းတို့ ကျားဖြန့်နှိမ်နင်းရေးအကြောင်း “အပြောတင်မဟုတ် လက်တွေ့လုပ်ပြမည်” ယနေ့တွင် မဇ္ဈိမကို ထပ်မံပြောကြားခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ငန်းခွင်များအတွင်း လုပ်ကိုင်နေသည့် တရုတ်အပါအဝင် နိုင်ငံခြားသားများအား ၎င်းတို့လာရာလမ်းကြောင်းအတိုင်း အသုတ်ခွဲ၍ ပို့ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ အစောပိုင်းကာလမှစ၍ တရုတ်မင်းသား ဝမ်ရှင်းအပါအဝင် တရုတ်နိုင်ငံမှ မော်ဒယ်၊ ဆယ်လီအချို့ မြဝတီခရိုင်အတွင်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများအတွင်း လူကုန်ကူးခံရပြီးချိန်မှစ၍ မြဝတီကျားဖြန့်ကိစ္စ နိုင်ငံတကာက ပိုမိုအာရုံစိုက်လာခဲ့သည်။
ထိုင်းနိုင်ငံအာဏာပိုင်များကလည်း ဖေဖော်ဝါရီ ၅ ရက်နေ့ကစ၍ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် မြဝတီ၊ ဘုရားသုံးဆူ၊ တာချီလိတ် စသည့် နယ်စပ်မြို့သုံးမြို့ကို လျှပ်စစ်မီး ဖြတ်တောက်ထားခဲ့ကာ စက်သုံးဆီ တင်ပို့မှုကို ခြောက်လကြာ ပိတ်ဆို့ထားခြင်းဖြင့် ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းများ အင်တိုက်အားတိုက် လုပ်ဆောင်နေကြောင်း ပြသနေသည်။
အလားတူ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှစ၍ ဆိုလာ၊ ဘက်ထရီ၊ အင်ဗာတာ၊ မီးစက် အပါအဝင် လျှပ်စစ်မီး ရရှိရေးသုံးပစ္စည်းများ၊ မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာ ဆော့ဝဲ၊ ဟာ့ဒ်ဝဲ အပါအဝင် ဆက်သွယ်ရေးသုံး ပစ္စည်းများကိုပါ မြန်မာပြည်ဘက်သို့ တင်ပို့ခွင့် ဖြတ်တောက်ထားသည်။
ထို့ပြင် ထိုင်း- မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်နေသည်ဟူသည့် စွပ်စွဲချက်ဖြင့် အမှတ် (၅) စုံစမ်းရေး ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ် အက်ခါရက်သ် အင်တာဆက်ဘ်နှင့် တက်ခ်ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ် ဆမ်ရစ် အမ်ကာမိုလ်ကို ထိုင်းရဲတပ်ဖွဲ့က လက်ရှိရာထူးကနေ ဆိုင်းငံ့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း Khaosod သတင်းဌာနက ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖော်ပြထားသည်။
တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊​ ဗီယက်နမ် စသည့် ခြောက်နိုင်ငံကလည်း ၂၀၂၅ ခုနှစ်၏ သင့်လျှော်သောအချိန်ကောင်းတွင် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှု၊ ကွင်းဆက်ရာဇဝတ်မှုများနှင့် လက်နက်ခဲယမ်းမှောင်ခိုမှုများကို တိုက်ဖျက်ရန် “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်းကို စတင်သွားမည်ဟု တရုတ်သံရုံးက ဇန်နဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဒေသတွင်းနိုင်ငံများ၏ ဘုံအကျိုးစီးပွားကာကွယ်ရေးအတွက် မဖြစ်မနေ ထိုင်း- မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများကို အမြစ်ပြတ် ချေမှုန်းသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က ထပ်မံပြောကြားလာခဲ့သည်။
စာတည်း။ ။ နောင်နောင်
ပုံအညွှန်း – ရွှေကုက္ကိုလ်တွင်း BGF က ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေး ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) နံနက်အစောပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)
#ရွှေကုက္ကိုလ်