ကလေးမြို့တောင်ပိုင်း ကမ်းပါးနီ စစ်အုပ်စု စခန်းကို တိုက်ခိုက်သိမ်းပိုက်၊
စစ်အုပ်စု အများအပြား သေ၊ ၂၀ ကျော် ဖမ်းမိကာ လက်နက် အများအပြား သိမ်းဆည်းရရှိ၊
စစ်အုပ်စုက ရက်ဆက်ဗုံးကြဲကာ အင်အားရာချီ လေယာဉ်နဲ့ပို့နေ၊
ကိုသူ/MFP၊ ဖေဖေါ်ဝါရီ – ၁၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ ကလေး – ဂန့်ဂေါ ကားလမ်းပေါ်ရှိ ကမ်းပါးနီ တံတားအနီးက စစ်အုပ်စု စခန်တွေကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်အုပ်စု အများအပြား သေသလို ၂၀ ကျော် ဖမ်းမိကာ လက်နက် အများအပြားလည်း သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ကလေးမြို့နဲ့ မိုင် ၃၀ ကျော် ကွာဝေးပြီး မကွေးတိုင်း ဟံသာဝတီ ကျေးရွာနဲ့ ခုနှစ်မိုင်လောက် အကွာမှာ တည်ရှိတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေ အားကောင်းတဲ့ ကလေး-ဂန့်ဂေါ ကားလမ်း၊ ကမ်းပါးနီတံတားအနီးက စစ်အုပ်စုစခန်းတွေကို ဒေသခံ တော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီ ၁၁ရက်က စတင်ကာ တိုက်ခိုက်ခဲ့ပြီးဖေဖော်ဝါရီ ၁၃ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ပွဲအတွင်း
စစ်အုပ်စု ၂၀ ကျော် ဖမ်းမိကာလက်နက် အများအပြား သိမ်းဆည်းရရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
“လက်ရှိ အတည်ပြုလို့ ရသလောက် ကတော့ ၂၀ ကျော် ဖမ်းမိတယ်။အားလုံးတော့ အတည်ပြုလို့ မရသေးဘူး၊ လက်နက်က ရတာ များပါတယ်။ရေတွက်လို့ မရသေးဘူး”
တိုက်ပွဲအတွင်း စစ်အုပ်စု အများအပြားသေဆုံးကာ မသေတဲ့ စစ်အုပ်စုကတော့မှန်တော ကျေးရွာနဲ့ ကြံသာ ကျေးရွာဘက်ကို ထွက်ပြေးတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုက လေကြောင်းပစ်ကူ ဗုံးကြဲနေသလို ရဟတ်ယာဉ်နဲ့ လူအင်းအား တိုးချတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်တပ်ဘက်က သေတာ များတယ် ။အတည်ပြုလို့ မရသေးဘူး၊ထွက်ပြေးတာက မှန်တောနဲ့ကြံသာဘက် ထွက်ပြေးကြတာ ”
ကလေးနဲ့ ဂန့်ဂေါနယ် အစပ်မှာ တည်ရှိတဲ့ ကမ်းပါးနီ စစ်အုပ်စုစခန်းဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ချင်းပြည်နယ် သုံးခုက တော်လှန်ရေးအင်အားစုတွေ ရဲ့ စစ်ရေးလှုပ်ရှားမှု အခြေ အနေတွေကို စောင့်ကြည့်ဖို့နဲ့ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ နေရာဖြစ်တာကြောင့် စစ်အုပ်စုက လေကြောင်းနဲ့ အသည်းအသန် ခုခံ နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ဒီလမ်းက ဆုံချက်လို ဖြစ်နေတာ ၊တောင်ဘက်ဆို မကွေးရှိတယ်၊အနောက်ဘက်ဆို ချင်းပြည်နယ်ရှိတယ်။ ဒီလမ်းပွင့်ရင် ချင်းပြည်နယ်က ကုန်စည် စီးဆင်းဖို့ လွယ်သွားမယ်၊ အဲ့တာလည်း ပါတယ်”
တိုက်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စု ထောက်ခံသူ၊မကွေးတိုင်း၊ဂန့်ဂေါနယ် ကြံ့ခိုင်ရေး အမတ်ဟောင်း ဘူးလက်လှဆွေက ကမ်းပါးနီစခန်း သိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး
“အဲ့ဒီမှာ ကျနော့်ဆီက ပြည်သူ့စစ်နဲ့ တပ်က ခွဲမှုးဗိုလ်မှုး အဆင့် ၇၀ လောက် စခန်း ထိုင်ထားတာ ၊ ကလေး ဂန့်ဂေါကြားမှာ အခိုင်မာဆုံး စခန်းပဲ၊ ကတုပ်ကျင်းတွေလည်း ကောင်းတယ် ၊ လက်နက်လည်း ပြည့်စုံတယ် ၊ လေကြောင်းပစ်ကူလည်း ထိရောက်တယ်။ စ အတိုက်ခံရ ကတည်းက ခွဲမှုးဗိုလ်မှုး ဆိုတဲ့ကောင်က ပြေးတယ် ၊ ပြည်သူ့စစ်တွေက ခံချတယ်၊ တောင်ဘက်က စစ်ကူလိုက်တဲ့ ဗိုလ်ကြီးဆိုတဲ့ကောင် ကလည်း ရွာကို လာရောင်းတဲ့စျေးသည်ကို အကောက် ကောက်ဖို့ပဲ တတ်တယ် ၊ ရွာကအထွက်ပြ ပြီး ရှေ့မတိုးဘူး ၊ မှန်တော ရွာ မကျော်ဘဲ ရပ်ကြည့်နေတယ်။ ဒကစမှုး ( ဒေသကွပ်ကဲရေးစစ်ဌာနချုပ် – ကလေးမြို့) က အသစ် ၊စစ်ကူက လိုက်နေပြီ ၊ ပေါင်းမိတောမယ် ၊ ကမ္ဘာနီ စခန်း မကျသေး ဘူးပဲ ထင်နေတယ် ။တကယ်က မကျသင့်ဘူး ၊ ပဒတ်တွေက အထိအခိုက်များပြီး ရှေ့မတိုးနိုင်ဘူး ၊ ဒါပေမဲ့ ခေါင်းဆောင်လုပ်တဲ့ တပ်က ကောင်က လစ်သွားပြီ ။ဒါနဲ့ ကျန်နေတဲ့ ပြည်သူ့စစ် တွေ က မချင့်မရဲနဲ့ ဒဏ်ရာရလူနာထမ်းပြီး မဆုတ်ခြင်ဘဲ ဆုတ်ခွာလာရတယ် ၊ အဲ့ဒါအဖြစ်မှန်ဘဲ ။ ဒကစ မှုး အဖြစ်မှန်သိခြင်ရင် အသံဖိုင်ပို့ပေးမယ် ။စစ်မတိုက်တဲ့ကောင်တွေ တပ်ထဲမှာထားနေတာ လူပိုတွေပဲ လားပင်စင် သာ ပေးလိုက်ပါ ။ပုံ …ဘဘဘု” လို့ ဝါဒဖြန့် ရေးသားထားပါတယ်။
ကမ်းပါးနီစခန်းကို PDF တွေက နာရီပိုင်းသာ ထိန်းချုပ်နိုင်ပြီး မနေ့က ညနေပိုင်းမှာ စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်ပြီလို့လည်း စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။
ကမ်းပါးနီ စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားနေချိန် စစ်အုပ်စု က ကမ်းပါးနီ တံတား၊ ကျော်ရွာ ကျေးရွာ၊ တင်သား ၊နတ်ချောင်း ကျေးရွာတွေ ကို နေနေ့ ညည ဗုံးကြဲနေတာ ကြောင့် ကားလမ်ဘေး ကျေးရွာတွေ အပါအဝင် ရွာပေါင်း ၁၅ ရွာကျော်က ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့ တောင်ပိုင်းမှာတော့ တော်လှန်ရေး အင်အားစုတွေက ၂၀၂၃ခုနှစ် နိုဝင်ဘာလ အတွင်း ရန်ကြီး အောင် စစ်အုပ်စုစခန်း ၊မြောက်စည်း ရဲစခန်း တွေကို သိမ်းခိုက် သိမ်းပိုက်ထားပြီးတော့ ၊နည်းပညာတက္ကသိုလ်စစ်အုပ်စု စခန်း၊
မှန်တော ၊ဟံသာဝတီ ကျေးရွာစစ်အုပ်စု စခန်းအပါအဝင် စစ်အုပ်စု စခန်းအနည်းငယ်သာ ကျန်ရှိတော့တယ်လို့ တော်လှန်ရေးအင်အားစု တွေက ပြောပါတယ်။