ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းနဲ့ မေဓာဝီလမ်းထောင့်က (ဈ) ဈေးအနီးမှာ ဖေဖော်ဝါရီ ၁၃ ရက် ဒီနေ့မနက်ပိုင်းက ပဲပြုတ်နံပြား ကျွေးသူတွေကို စစ်ကောင်စီ လက်အောက်ခံ အရပ်ဝတ်တွေနဲ့ စည်ပင်အဖွဲ့က မောင်းထုတ် တားဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တဲ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ ၁၁၀ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။
မွေးနေ့အမှတ်တရအဖြစ် ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်ခဲ့တဲ့ ပဲပြုတ်နံပြား စားသုံးတာကို ပြည်သူတွေက အောက်မေ့သတိရအနေနဲ့ အလှူဒါန လုပ်ဆောင်ကြတာလည်း ဖြစ်ပါတယ်။
ဈေးသွားသူတွေရဲ့ ပြောပြချက်အရ မနက် ၇ နာရီလောက်က ဈေးရုံ ၂ ခုကြား ခေမာသီလမ်းမပေါ်မှာ ဘေးတွဲဆိုင်ကယ်နဲ့ ပဲပြုတ်နံပြားလာဝေသူ ၂ ယောက်ကို ဘောင်းဘီအပြာဝတ်ထားသူ ၂ ယောက်နဲ့ အရပ်ဝတ် ၃ ယောက်တို့က မောင်းထုတ်ခဲ့တာလို့ သိရပါတယ်။
မြို့ခံတယောက်က “ဈေးလာရောင်းကြတာ မဟုတ်ပါဘူး။ ဒီမနက်မှ အထုပ်ကလေးတွေ ထုပ်ပြီး လာဝေတာ ဘေးတွဲနဲ့ပဲ။ မနက် ၇ နာရီလောက်က။ လင်မယားနှစ်ယောက် ထင်တယ်။ တားတာက စည်ပင်ဘောင်းဘီနဲ့က ၂ ယောက်၊ ကျန်တာက အရပ်ဝတ်နဲ့” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း ပဲပြုတ်နံပြားဝေတဲ့ ဓလေ့ဟာ ရန်ကုန်မြို့မှာ သိသိသာသာ နည်းပါးလာသလို စစ်ကောင်စီလက်အောက်ခံတွေက အခမဲ့ မျှဝေလှူဒါန်းသူတွေကိုပါ တားဆီးမောင်းထုတ်နေတာလည်း ဖြစ်ပါတယ်။