ကမ္ဘောဒီယားသံဃရာဇာဆရာတော်နှင့် အိန္ဒိယ ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar တို့ကို မင်းအောင်လှိုင်က နေပြည်တော် ဖိတ်ပြီး ငြိမ်းချမ်းရေးတရား ဟောခိုင်း၊ ဗေဒင်ယတြာအရ လုပ်ဆောင်မှုအဖြစ် သုံးသပ်

by

in

ကမ္ဘောဒီယားသံဃရာဇာဆရာတော်နှင့် အိန္ဒိယ ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar တို့ကို မင်းအောင်လှိုင်က နေပြည်တော် ဖိတ်ပြီး ငြိမ်းချမ်းရေးတရား ဟောခိုင်း၊ ဗေဒင်ယတြာအရ လုပ်ဆောင်မှုအဖြစ် သုံးသပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကမ္ဘောဒီယားသံဃရာဇာဆရာတော်နှင့် အိန္ဒိယ ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar တို့ကို နေပြည်တော်သို့ ဖိတ်ကြား ပြီး ငြိမ်းချမ်းရေးတရား ဟောခိုင်းကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဖိတ်ကြားမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံ သံဃရာဇာဆရာတော် His Holiness Samdech Preah Abhisiri Sugandha Mohasangharajah Dhipadi Dr. Bour Kry က ဖေဖော်ဝါရီလ ၂ ရက်နေ့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သွားရောက် ဖူးမြော်ကြောင်း၊ ယင်းသို့ သွားရောက် ဖူးမြော်စဉ် ကမ္ဘောဒီးယားနိုင်ငံ သံဃရာဇာဆရာတော်က ငြိမ်းချမ်းရေး တရားချီးမြှင့်ဟောကြားကြောင်း သိရှိရသည်။
အလားတူ မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံမှ ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar သည် ဖေဖော်ဝါရီလ ၇ ရက်နေ့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့ နေပြည်တော်တွင် အကြမ်းဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် မင်းအောင်လှိုင်နှင့် အိန္ဒိယ ငြိမ်းချမ်းရေး သံတမန်တို့တွေ့ဆုံစဉ် ငြိမ်းချမ်းရေးတရားများကို မင်းအောင်လှိုင်က ဟောခိုင်းခဲ့ပြန်ကြောင်း၊ မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံအခြေအနေနှင့် လက်ရှိကြုံတွေ့နေမှုများအပေါ် ရှင်းလင်း အကြံဉာဏ်များရယူခဲ့ကြောင်း သိရှိရသည်။
” ကမ္ဘောဒီးယား သံဃရာဇာဆရာတော်ရော အိန္ဒိယ ငြိမ်းချမ်းရေး သံတမန်ရောက တပ်ချုပ် ဖိတ်လို့ ရောက်လာတာပါ။ တူညီတာက နှစ်ဦးစလုံးကို ငြိမ်းချမ်းရေး တရားဟောခိုင်းတယ်။ ပြည်ပတိုင်းပြည်က ဖိတ်ပြီး ငြိမ်းချမ်းရေးတရားဟောခိုင်းတာမျိုးဆိုတော့ ဗေဒင်ယတြာဖြစ်မယ်လို့ ယူဆပါတယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းဆရာရင်း သံဃာတော်တချို့ကိုလည်း နေပြည်တော်ရှိ ၎င်း၏ နေအိမ်သို့ ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ပင့်​ဆောင်၍ ဆွမ်းကပ်ခြင်း၊ ယတြာလုပ်ခိုင်းခြင်း၊ တရားဟောခိုင်းခြင်းများကိုလည်း မကြာခဏ လုပ် ဆောင်နေကြောင်း သိရှိရသည်။