ပခန်းမြို့မြောက်ဘက်မှာ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရ၊ ဒုဗိုလ်ကြီး ၁ ယောက်အပါ စစ်သား ၁၀ ယောက်သေ (ရုပ်/သံ)

by

in

ပခန်းမြို့မြောက်ဘက်မှာ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရ၊ ဒုဗိုလ်ကြီး ၁ ယောက်အပါ စစ်သား ၁၀ ယောက်သေ (ရုပ်/သံ)
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅

မကွေးတိုင်း၊ ပခန်းမြို့မှာ ရေစကြိုမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ဒုဗိုလ်ကြီး ၁ ယောက်အပါအဝင် စစ်သား ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အများအပြား ဒဏ်ရာရရှိသွားပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF ထံက သိရပါ တယ်။
ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းက ရေစကြိုမြို့သို့ နောက်ကြောင်းပြန် စစ်ကြောင်းထိုးလာတဲ့ ခလရ ၂၅၆၊ ၂၅၇နဲ့ ၂၅၈ တပ်တွေကို ပခန်းမြို့မြောက်ဘက် လမ်းခုလတ်တစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄၅ မိနစ်ကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတချို့ အလံဖြူထောင်ပြီး တော်လှန်ရေးတပ်တွေထံ လာရောက်ခဲ့ပေမယ့် စစ်ကောင်စီတပ်သားအချင်းချင်း ပြန်လည်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ရေစကြို ခလရ ၂၅၈နဲ့ တောင်အိုစစ်ဆေးရေးဂိတ်ကနေလည်း ဟောင်ဝှစ်ဇာအမြောက်နဲ့ လက်နက်ကြီးတွေ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ဒုဗိုလ်ကြီး ၁ ယောက်အပါအဝင် စစ်သား ၁၀ ‌ယောက်သေပြီး စစ်ကြောင်းမှူး သုံးပွင့်ဗိုလ် ကျော်လင်းဦး၊ တပ်စုတပ်ကြပ်ကြီး ကျော်သီဟထွန်းအပါအဝင် စုစုပေါင်း ၁၅ ခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို နတ်မိကျောင်း စစ်ဆင်ရေးအဖြစ် Southern Local တပ်ပေါင်းစု၊ Yesagyo Revolution Group (YRG)၊ ဒေါင်းညီနောင် PDF၊ ဒေါင်းစစ်သည် PDF၊ ပြည်သူ့အားမာန် PDF နဲ့ King Cobra တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။