မန္တလေးမှာ တစ်လအတွင်း စစ်မှုထမ်းဖို့ လူငယ် ၂၀၀ ကျော် ဖမ်းဆီးစုဆောင်းခံရ
ဖေဖော်ဝါရီ ၅၊ ၂၀၂၅
မန္တလေးက မြို့နယ် (၇) မြို့နယ်မှာ တစ်လအတွင်း လူငယ် ၂၀၀ကျော်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မန္တလေးသပိတ်အင်အားစုက အသိပေးထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို နေ့စဉ်ကျူးလွန်နေပြီး အခုလို လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မ ဖမ်းဆီးမှုဟာ လစဉ်မြင့်တက်နေတယ်လို့ မန္တလေးသပိတ်အင်အားစုက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း မန္တလေးက အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန် အစရှိတဲ့ မြို့နယ် ၇ ခုက လူငယ် ၂၀၀ ကျော်ဟာ စစ်မှုထမ်းဖို့ အကြမ်းဖက်ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်မှုထမ်းနည်းဥပဒေကို အတည်ပြုပြဌာန်းခဲ့ပြီး နောက် တစ်နိုင်ငံလုံးက လူငယ် အမျိုးသား၊ အမျိုးသမီးတွေသာမက လိင်စိတ်ခံယူမှုကွဲပြားသူတွေကိုပါမကျန် လူ့အခွင့်အရေး ချိုးဖောက်ပြီး စစ်မီးအတွင်းကို ဆွဲသွင်းနေတာက အထင်အရှားဖြစ်တယ်လို့ မန္တလေး သပိတ်အင်အားစုက ဆိုပါတယ်။
မန္တလေးက မြို့နယ် (၇) ခုအတွင်း ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁)ရက်ကနေ (၃၁) ရက်အထိ တစ်လတာအတွင်း စစ်မှုထမ်းဖို့ မတရားအဖမ်းဆီးခံရသူ လူငယ်စာရင်းကို ပြုစုခဲ့ရာ အောင်မြေသာဇံမြို့နယ် (၃၂) ယောက်၊ ချမ်းအေးသာဇံမြို့နယ် (၂၇) ယောက်၊ မဟာအောင်မြေမြို့နယ် (၄၆) ယောက်၊ ချမ်းမြသာစည်မြို့နယ် (၃၀) ယောက်၊ ပြည်ကြီးတံခွန်မြို့နယ်(၃၅) ယောက်၊ ပုသိမ်ကြီးမြို့နယ် (၃၄) ယောက်နဲ့ အမရပူရမြို့နယ် (၃၃) ယောက်၊ စုစုပေါင်း (၂၃၇) ယောက်ထက်မနည်း မတရားဖမ်းဆီးခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်း အပတ်စဉ် (၉) အထိ ရောက်လာချိန်မှာ နိုင်ငံတစ်ဝန်းက လူဦးရေ ၄၀၀၀၀ ကျော်လောက်ကို အတင်းအဓမ္မ စုဆောင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မနေ့က ဖေဖော်ဝါရီ ၄ရက်နေ့မှာ ပြောကြားပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေဟာ အခုဆို တစ်နှစ် ပြည့်ခဲ့ပြီဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကိုလည်း စစ်ကောင်စီက ထပ်မံထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်တယ်ဆိုပြီး စစ်ကောင်စီက ပြန်လည်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှာ စစ်မှုထမ်း အပတ်စဉ် ၁ ကို စတင်ခဲ့ပြီး အခုဆိုရင် အပတ်စဉ် (၉) အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။