🟢 နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ၎င်းနဲ့ TNLA တပ်အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ TNL A ထိန်းချုပ်ထားတဲ့ နေရာတချို့ ပြန်လည်လက်လွတ်နေရ

—

by

in

🟢 နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ၎င်းနဲ့ TNLA တပ်အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ TNL A ထိန်းချုပ်ထားတဲ့ နေရာတချို့ ပြန်လည်လက်လွတ်နေရ
https://t.me/spmnewsagency2019
မိုင်းရူပ၊ ဖေဖော်ဝါရီ ၄ ရက်၊ နောင်ချို
ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာနဲ့ နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်ကြားရှိ ဂန့်ကော်ကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA အကြား နေ့စဥ်လိုလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
တောင်ခမ်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းကနေ TNLA ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ပြုလုပ်နေပြီး လက်နက်ကြီးနဲ့ ဒရုန်းသုံး တိုက်ခိုက်တာတွေကို စစ်ကောင်စီက ပိုသုံးလာတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“စစ်ကောင်စီက ဆက်တိုက်ထိုးနေတာ။ TNLA က ထိန်းချုပ်ထားတဲ့ နေရာတွေ ပြန်ဆုတ်ပေးရတာ ရှိတယ်။ တိုက်ပွဲကတော့ နေ့တိုင်းပြင်းထန်တယ်။ စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းကို ဦးစားပေး သုံးလာတာ တွေ့ရတယ်” လို့ ဆိုပါတယ်။
တောင်ခမ်းကျေးရွာမှာ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် (၉၀၂) အပါအဝင် အမြောက်တပ်တပ်စခန်းတွေ ဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာဖြစ်ပြီး တောင်ခမ်းမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်အကြား တိုက်ပွဲပြင်းထန်နေတာလည်း ၅ လနီးပါးကြာ ရှိနေပြီ ဖြစ်ပါတယ်။
တောင်ခမ်းတိုက်ပွဲ စတင်ဖြစ်ပွားချိန် စစ်ကောင်စီရဲ့ အမြောက်တပ် ၂၀၆ ကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ တောင်ခမ်းကျေးရွာရှိ အမြောက်တပ်စခန်းအားလုံးကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားပါတယ်။
တောင်ခမ်းနဲ့ မိုင် ၂၀ ခန့်ကွာဝေးတဲ့ နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကတည်းက TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ တောင်ခမ်းတိုက်ပွဲနဲ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဓာတ်ပုံ – CJ