NUG လက်အောက်မှ တပ်ရင်းတပ်ဖွဲ့အချို့ နုတ်ထွက်နေရခြင်းမှာ လက်နက်အလုံအလောက် တပ်ဆင်ပေးနိုင်ခြင်းမရှိလို့ဟု ကာကွယ်ရေးဝန်ကြီးပြော

by

in

NUG လက်အောက်မှ တပ်ရင်းတပ်ဖွဲ့အချို့ နုတ်ထွက်နေရခြင်းမှာ လက်နက်အလုံအလောက် တပ်ဆင်ပေးနိုင်ခြင်းမရှိလို့ဟု ကာကွယ်ရေးဝန်ကြီးပြော
ဖေဖော်ဝါရီ ၃၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့ နုတ်ထွက်နေရခြင်းဟာ လက်နက်အလုံအလောက် တပ်ဆင်နိုင်ပေးခြင်း မရှိမှုနဲ့ စစ်ရေးလိုအပ်ချက်အရ တပ်တွေနေရာပြောင်းရွှေ့ရမှုကြောင့် ဖြစ်တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ တပ်ရင်းတပ်ဖွဲ့တချို့ နုတ်ထွက်နေမှုအပေါ် ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၂ရက်နေ့မှာ ပြုလုပ်တဲ့ နွေဦးတော်လှန်ရေး ဥရောပ စကားဝိုင်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
တပ်ရင်းတပ်ဖွဲ့တချို့ နုတ်ထွက်ရခြင်းအပေါ် အကောင်းဆုံး ညှိနှိုင်းလက်ခံပေးနေပြီး အဓိကအားဖြင့် အချက်နှစ်ချက်ကြောင့် နုတ်ထွက်နေရတာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက အသိပေးပြောဆိုပါတယ်။
“လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရတော့လက်နက်အလုံအလောက် တပ်ဆင်ပေးနိုင်မှု မရှိသေးတာမို့ လက်နက်တပ်ဆင်ပေးနိုင်တဲ့ အဖွဲ့တွေဆီ ကူးပြောင်းသွားတာကြောင့်ရယ်
စစ်ဆင်ရေးလိုအပ်ချက်အရ တပ်များ ရွှေ့ပြောင်းရတဲ့အခါ မလိုက်ပါလိုသည့်တပ်များ ထွက်ပြီးကျန်နေခွင့်ရအောင် လမ်းဖွင့်ပေးထားတာဖြစ်ပါတယ် “ လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
NUG ရဲ့ လမ်းကြောင်းပေါ်မှာ မရှိတဲ့ တပ်ဖွဲ့တွေအနေနဲ့ တော်လှန်ရေးအတွက် ဆက်လက်လုပ်ဆောင်ကြတာဖြစ်ပြီး သူတို့ကို တပ်ဆင်ပေးထားတဲ့ လက်နက်တွေကိုလည်း ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားတယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။
NUG အောက်မှာ မရှိတော့ပေမယ့် တော်လှန်ရေးအတွက် ဆက်လက်လက်တွဲပူးပေါင်း တိုက်ပွဲဝင်မှုတွေ ရှိနေမှာဖြစ်ပြီး သူတို့ကို လေးစားတန်ဖိုးထားဆဲ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
စစ်ရေးအရ မဟာမိတ်တွေအဖြစ် ရှိနေမှာဖြစ်ပြီး စစ်အာဏာရှင်ကို အတူတကွ
တွန်းလှန်သွားဦးမှာ ဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက အသိပေးပြောကြားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြေစိုက်လှုပ်ရှားတဲ့ အမှတ် (၁၀၀၅) တပ်ရင်း (SSPDF) နဲ့ အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း တပ်ရင်းနှစ်ခုလုံးက အသိပေးထုတ်ပြန်ပါတယ်။
တော်လှန်ရေး အပြောင်းအလဲတွေ၊ မြေပြင်အခြေအနေတွေနဲ့ သူတို့ရဲ့အခက်အခဲတွေကြောင့် MOD ရဲ့ COC အောက်ကနေ နှုတ်ထွက်ရခြင်းဖြစ်တယ်လို့ မနေ့က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
ရှမ်းတောင်နဲ့ ကရင်နီနယ်စပ်မှာ အခြေစိုက်တဲ့ အဆိုပါတပ်ရင်းနှစ်ခုလုံးဟာ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ (၃)နှစ် ကျော်ကြာ လက်နက်ကိုင်တော်လှန်ခဲ့တဲ့ တပ်ရင်းနှစ်ခုပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တုန်းကလည်း အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တချို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်မှုတချို့ ရှိခဲ့ပါတယ်။