ပုဂံသို့ ဘုရားဖူးလာသည့် လူငယ်တချို့ ကို စစ်တပ်က စစ်မှုထမ်းတပ်သားများအဖြစ် ဖမ်းဆီး၊ ဧည့်စာရင်းမတိုင်ဟု စစ်တပ်က အကြောင်းပြကာ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများအားလုံး စစ်တပ်ထဲ အပို့ခံရ

by

in

ပုဂံသို့ ဘုရားဖူးလာသည့် လူငယ်တချို့ ကို စစ်တပ်က စစ်မှုထမ်းတပ်သားများအဖြစ် ဖမ်းဆီး၊ ဧည့်စာရင်းမတိုင်ဟု စစ်တပ်က အကြောင်းပြကာ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများအားလုံး စစ်တပ်ထဲ အပို့ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မန္တလေးတိုင်း၊ ပုဂံမြို့ကို ဘုရားဖူးလာသည့် လူငယ်တချို့ကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း တပ်သားများအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့ ညပိုင်း အကြမ်းဖက် စစ်တပ်က ပုဂံမြို့ပေါ်ရှိ နေအိမ်များ၊ ဟိုတယ်များနှင့် တည်းခိုခန်းများကို ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့ပြီး လူငယ် ၁၀ ဦးကျော်ကို ဖမ်းဆီးခဲ့ကြောင်း၊ ဧည့်စာရင်းမတိုင်ဟုဆိုကာ စစ်တပ်က လူငယ်များကို အကြောင်းပြ ဖမ်းဆီးခဲ့ပြီးနောက် ဖမ်းဆီးခံရသော လူငယ်များအားလုံးကို စစ်တပ်ထဲသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ပုဂံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ညပိုင်း ဧည့်စာရင်း အကြောင်းပြ၍ ဖမ်းဆီးမှုများ ဆက် တိုက် လုပ်ဆောင်လျက်ရှိကြောင်း၊ ညပိုင်း သွားလာနေသော ဆိုင်ကယ်စီး လူငယ်တချို့ကိုလည်း မှောင်ရိပ်ခိုသည်ဟုဆိုကာ ဖမ်းဆီးပြီး စစ်တပ်ထဲသို့ ပို့ဆောင်ကြောင်း သိရှိရသည်။

“ပုဂံမြို့ခံကတော့ ညပိုင်း သိပ်မထွက်ကြဘူး။ ပုဂံကို လာလည်တဲ့တချိ့လူငယ်တွေကတော့ ည ၈ ခွဲ ဆိုင်ကယ်စီး အပြင်ထွက်ရင် မှောင်ရိပ်ခိုတယ်ဆိုပြီး အဖမ်းခံရတာ။ တပ်ထဲအပို့ခံရတယ်”ဟု ပုဂံဒေသမှ ဟိုတယ်ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

ထို့ကြောင့် စစ်တပ်က ပုဂံကို ဘုရားဖူးလာသည့် မိသားစုများအနက်မှ လူငယ်များကို ပစ်မှတ်ထား၍ ဖမ်းဆီးလာသဖြင့် သတိ ထားရန်လိုအပ်ကြောင်း၊ စစ်တပ်က အိမ်စီးကားများ အရပ်ဝတ်များဖြင့် ပုဂံရှိ ဘုရားများကို နေ့ည မပြတ် လှည့်ပတ်နေကြောင်း၊ ထို့ပြင် ပုဂံမြို့ပေါ်တွင် နေထိုင်သော လူငယ်တချို့မှာလည်း နေအိမ်များတွင် မနေရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင်မှုများရှိကြောင်း သိရှိရသည်။

” အခု ပုဂံမြို့ပေါ်မှာ စစ်တပ်က ညဘက်တွေ ဧည့်စာရင်းနဲ့ ဝင်ဝင်ဆွဲနေတာ လူမပြည့်လို့ဆိုပြီး ။ဘုရားဖူးတွေပါ ဆွဲနေတယ်။ စစ်ခွေးတွေက အရပ်ဝတ်တွေ အိမ်စီးကားတွေနဲ့ ဘုရားတွေဘက်ကို နေ့တိုင်းပတ်နေတယ်။ ပုဂံမြို့သစ်ဘက်မှာလည်း ၂ ရက်ရှိပြီ ဧည့်စာရင်းစစ်မယ်ဆိုပြီး လူငယ်တွေကို ဝင်ဖမ်းနေတာ။ လူငယ်တွေရှိရင် တစ်ခါတည်း ခေါ်ဆောင်ဖမ်းဆီးတယ်။ ဧည့် စာရင်းစစ်လို့ တံခါးမဖွင့်ပေးတဲ့ အိမ်ဆိုရင် ခဲလုံးနဲ့ထုတယ်။ တံခါးတွေ ရိုက်ချိုးတာတွေထိ လုပ်ပြီးဝင်ဆွဲနေတာ ညဘက်တွေဆို လူကငယ်တွေက ရှောင်တာများလို့ နေ့ဘက်တွေပါ လူပြတ်နေတဲ့ နေရာတွေမှာ ဖမ်းတာရှိတယ်။ အခုလူငယ်တွေ အိမ်မှာမနေရဲတော့ဘူး။ တိမ်းရှောင်နေရပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်နှင့်ပုဂံဒေသတွင် စစ်မှုထမ်းအပတ်စဉ် ၇ မှစတင်၍ စစ်မှုထမ်း တပ်သားသစ် အရေအတွက် ပြည့်မီအောင် ပေးနိုင်ခြင်းမရှိ၍ စစ်ကောင်စီက နယ်မြေခံတပ်ရင်းနှင့် အုပ်ချုပ်ရေးအဖွဲ့များကို ဖိအားပေးမှုများရှိနေကြောင်း တပ်သတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၀ ခုနှစ်အတွင်း ပုဂံဘုရားများအတွင်း ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ် လက်အောက်ခံရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo Credit- AFP ။