MNDAA က သိမ်းပိုက်ခဲ့သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို နေရာသစ်၊ မြို့သစ်တွင် ပြန်လည်အခြေစိုက် ဖွင့်လှစ်နိုင်ရေး စစ်ကောင်စီက တိုင်းမြို့သစ်စီမံချက် ရေးဆွဲနေပြီး မိုင်းရယ်နှင့်တန့်ယန်းတွင် အခြေပြုမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၄
ကိုးကန့် MNDAA က သိမ်းပိုက်ခဲ့သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို နေရာသစ်၊ မြို့သစ်တွင် အခြေစိုက် ပြန်လည်ဖွင့်ရေး စစ်ကောင်စီက တိုင်းမြို့သစ်စီမံချက်ရေးဆွဲနေကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၄ ခုနှစ်ဩဂုတ်လ ၃ ရက်နေ့တွင် MNDAA က လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်ပြီးနောက် စစ်ကောင်စီက ယာယီအားဖြင့် မိုင်းရယ်နှင့်တန့်ယန်းဘက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ယာယီ) ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ ယခုအခါ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အသစ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ်မြို့သစ် စီမံချက်ကို ပြန်လည် ရေးဆွဲနေကြောင်း၊ MNDAA ထံမှ လားရှိုးမြို့ ပြန်လည်ရရှိရေး တရုတ်နိုင်ငံ၏ အကူအညီဖြင့် စစ်ကောင်စီက ပြန်လည်တောင်းခံနေကြောင်း၊ သို့ရာတွင် လားရှိုးမြို့ ပြန်လည် ရရှိခဲ့သည့်တိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးတွင် ပြန်လည် ဖွင့်ရန်မရှိတော့ဘဲ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အဆင့်သာ ထားရှိတော့မည်ဖြစ်ကြောင်း သိရှိရသည်။
“တကယ်လို့ လားရှိုးနဲ့ ရမခနေရာဟောင်းကို ပြန်ရခဲ့ရင်တောင် တိုင်းရုံးကို အဲဒီမှာ မထိုင်တော့ဘူး။ လားရှိုးပြန်ရခဲ့ရင် အဲဒီမှာ စကခ(စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) အဆင့်ပဲ ထိုင်တော့မယ်။ အခု ရမခတိုင်းစစ်ဌာနချုပ်နေရာသစ်အတွက် မိုင်းရယ်နဲ့ တန့်ယန်းဘက်ကို ဦးတည်ထားတယ်လို့ သိရတယ်။ ဒီမြို့ ၂ ခုလုံးက ရမခနယ်မြေတွေ ဖြစ်လာမယ်။ အခု Town Plan(တိုင်းမြို့သစ်စီမံချက်) စဆွဲနေပြီ။ တိုင်းရုံးကတော့ တန့်ယန်းမှာ မြေနေရာတချို့ ရွေးနေတာရှိတယ်။ သေချာတာကတော့ လားရှိုးမှာ ရမခ ပြန် အခြေမစိုက်တော့ဘူးလို့ သိရတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။
ယခုအခါ MNDAA နှင့် စစ်ကောင်စီတပ်များအကြား နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိထားပြီး လားရှိုးမှ MNDAA တပ်များ ပြန်လည် ဆုတ်ခွာမည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသော်လည်း MNDAA က အတည် ပြု ထုတ်ပြန်ခြင်းမရှိပေ။
၂၀၂၄ ခုနှစ် ဩဂုတ်လတွင် MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက တိုင်းမှူးအသစ်ဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်ကာ မိုင်းရယ်နှင့်တန့်ယန်းကို အခြေပြု၍ တိုင်းစစ်ဌာနချုပ်ပုံစံ ပြန်လည် ဖွဲ့စည်းခဲ့သည်။
ဓာတ်ပုံ- ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် MNDAA က သိမ်းပိုက်ခဲ့သော စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်။