ဗန်းမော် စကခ ၂၁ ကွပ်ကဲရေးမှူးနှင့်အဖွဲ့ ထွက်ပြေးသွားပြီး တပ်လိုင်းခန်းအတွင်းအထိ KIA ထိုးဖောက်ဝင်ရောက်ကာ တိုက်ပွဲပြင်းထန်နေ
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
စကခ-၂၁ အတွင်းမှ ကွပ်ကဲရေးမှူးနှင့် အဖွဲ့သည် ယနေ့ ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းတွင် ဌာနချုပ်ကို စွန့်ခွာထွက် ပြေးသွားကြောင်း သိရသည်။
“BEME ဘက်ကနေ KIA တပ်ဖွဲ့တွေကထိုးဖောက်ဝင်တာ အိမ်ထောင်သည်လိုင်းခန်းဘက်အထိ သိမ်းထားပြီးပြီ။ စကခ ကွပ်ကဲရေးမှူးက တပ်ဆုတ်သွားပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
KIA တပ်ဖွဲ့များသည် ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထိုးစစ်အရှိန်မြှင့်တင်၍ စစ်ကောင်စီ၏ လက်ကျန်တပ် စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာ အမတ ၃၆၆ အမြောက်တပ်ရင်းဌာနချုပ်နှင့် အမှတ် (၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်တို့ကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ကျန်ရှိနေသည့် စကခ ၂၁ နှင့် ခလရ ၄၇ တို့ကို KIA က ဆက်လက်တိုက်ခိုက်ရာ စကခ ၂၁ အတွင်းရှိ အိမ် ထောင်သည်လိုင်းခန်းများအထိ ထိုးဖောက်ဝင်ရောက် နိုင်ပြီဖြစ်ကြောင်း သိရသည်။
KIA သည် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့အတွင်းရှိ စစ်ရေးအရ အရေးပါသည့်နေရာများနှင့် ဗန်းမော်လေဆိပ်တစ်ခုလုံးကိုပါ KIA က သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ဗန်းမော်မြို့တိုက်ပွဲဖြစ်ရာနေရာများ နှင့် အနီးဝန်းကျင်ကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်လျက်ရှိပြီး ရိက္ခာနှင့်လက်နက်ခဲယမ်းအချို့ကို လေကြောင်းမှပို့ဆောင်နေရကြောင်း သိရ သည်။
ပုံစာ- ဗန်းမော်လေတပ်ကို KIAတပ်များသိမ်းပိုက်ထားစဥ်
#ကချင် #ဗန်းမော် #စကခ၂၁ #ကွပ်ကဲရေးမှူးအဖွဲ့ #ထွက်ပြေး #တပ်လိုင်းခန်း #KIA #ထိုးဖောက်ဝင် ရောက် #Ayeyarwaddy_Times
လက်ရုံးတပ်များ တဖြည်းဖြည်း ပြုတ်ကျလာနေသည့် စစ်ကောင်စီ
ဖေဖော်ဝါရီ ၃၊ ၂၀၂၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (စလစ ၂) နဲ့ အမတ (၃၆၆) တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အဲဒီတပ်ရင်းတွေကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပြီး အမတ (၃၆၆) ဟာ ဗန်းမော်မြို့က အမှတ် (၃၆၆) အမြောက်တပ်ရင်းဖြစ်တာကြောင့် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။
“အမှတ်(၂) လျှပ်စစ်တပ်ရင်းဆိုတာက အလုပ်ရုံတပ်စုပေါ့၊ သေနတ်တွေ ပြင်ပေးတယ်၊ ကိရိယာတွေ ပြင်ပေးတဲ့တပ်ပေါ့၊ ဒါကတော့ တပ်စုအဆင့်ဆိုပေမယ့်လည်း လူအင်အားက အတော်လေးနည်းပါးပါတယ်၊ ၃၆၆ ကို ရလိုက်တာက အမြောက်တပ်ရင်းဆိုတော့ အမြောက်လက်နက်ခဲယမ်းတွေရတာပေါ့” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်စခန်း ၂ခုကို KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်တဲ့ သတင်းဟာ ၉၉ ရာခိုင်နှုန်းအထိ မှန်ကန်မှုရှိတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဗန်းမော်မြို့ အခြေစိုက်တပ်တွေဖြစ်တဲ့ အမှတ် (၄၇) နဲ့ (၂၃၆) ခြေလျင်တပ်ရင်းတွေမှာလည်း နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲလို့ သိရပါတယ်။
လက်ရှိ အနေအထားဟာ KIA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီ လက်ရုံးတပ်တွေဖြစ်တဲ့ သံချပ်ကာတပ်ဖွဲ့နဲ့ အမြောက်တပ်ရင်းတွေကို သိမ်းထားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ဗိုလ်ကြီးဇင်ယော်က “အခုက လက်ရုံးတပ်တွေကို ရထားတဲ့ အနေအထားပေါ့၊ အဲ့တော့ ခြေလျင် ခြေမြန်တပ်ရင်းတွေဆိုတာကလည်း စစ်လက်ရုံးတပ်တွေကိုပဲ အားကိုးပြီးတော့ တိုက်ရတာပေါ့နော်၊ အဲ့လိုပဲ ဟန်ချက်ညီညီ ထိန်းပြီးတိုက်ရတာပေါ့၊ အခုတော့ လက်ရုံးတွေ တဖြည်းဖြည်းချင်း ပြုတ်ကျနေပါပြီ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးပတ်အတွင်းမှာ KIA ဟာ ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) အနီးက သံချပ်ကာတပ်ရင်း အပါအဝင် လေယာဉ်ကွင်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်စု စတဲ့ စစ်ကောင်စီတပ်စွဲရာ နေရာတွေကို သိမ်းပိုက်ထားတာပဲ ဖြစ်ပါတယ်။
မနေ့က KIA ပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့တဲ့ အမတ ၃၆၆ ဟာလည်း စကခ ၂၁ အနီးမှာ ရှိတာကြောင့် အင်အားရာနဲ့ချီရှိတဲ့ စကခ ၂၁ ကို သိမ်းယူနိုင်ဖို့အတွက် အရေးပါတယ်လို့ သိရပါတယ်။
KIAနဲ့ ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်အတွင်း မြို့ပေါင်း ၁၄ မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်းမြို့ နဲ့ နမ့်ဖက်ကာဗျူဟာတို့ကို သိမ်းပိုက်ထားပါတယ်။ ကချင်ပြည်နယ်က ၁၅ ခုမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ဗန်းမော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ အခုဆိုရင် ၂လနီးပါး ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။
ပုံစာ – KIA တပ်ဖွဲ့ဝင်များ
(ဇန်နဝါရီလအတွင်း ဗန်းမော်လေဆိပ်ကို သိမ်းပိုက်ထိန်းချုပ်စဉ် မြင်တွေ့ရသော KIA တပ်ဖွဲ့ဝင်များနှင့် ယခင် ပုံဟောင်းများကို အသုံးပြုထားပါသည်)